Amara

Saturday, December 15, 2012

သောဘဏကို ထုဆစ်သူ သို့မဟုတ် အာခီတက် ဒေါက်တာလွင်အောင်၊ဘိက္ခူ အရှင်ဝိသုဒ္ဓစာရ



ဆရာ့အကြောင်းကို တေးဖွဲ့လျှင် အရင်ဆုံး သတိရမိတာ တစ်ခုပဲ ရှိသည်။

Aesthetics.
Aesthetics ကို မြန်မာမှု အမျိုးမျိုး ပြုကြသည်။ ဆရာဇော်ဂျီက ရသ။ ဆရာဒဂုန်တာရာက အလှဗေဒ။ ဆရာ ခင်မောင်ရင်ကတော့ ပြေပြစ် ခြင်း၊ လှပခြင်း။ အာခီတက် ဆရာ ဒေါက်တာ လွင်အောင်က သောဘ ဏလို့ ပြောသည်။ တစ်ခါတရံ သောဘဏရသ။

(၂)
မြန်မာစာလုံး အသစ်များကို ဖန်တီးထုဆစ်ကြသူများတွင် ဆရာတာ (ဒဂုန်တာရာ)သည် ရှေ့ဆုံးမှ ဖြစ်သည်။ ရုပ်ပုံလွှာ၊ ပန်းနုရောင်အို၊ ရွှေအိုရောင်၊ ပန်းချီကြေးမုံ၊ နန်းတော်တဲ၊ စာပေဓာတ်ခွဲခန်း၊ အဘိဓမ္မာမဲ့ အလင်းရောင်၊ မိုးဦးရွက်သစ်၊ ဝတ်လစ်စလစ် အနီ၊ လေနုအေး၊ ပင်မရေစီး၊ ဝေါ့ ဒစ္စနေအပြာ၊ ဂိုဂင်အနီ၊ ဝတ်လစ် စလစ်လမ်းမကြီး ... စုံလို့။

ဆရာဒေါက်တာ လွင်အောင် သည်လည်း ပန်းချီ၊ ပန်းပု၊ ဗိသုကာ အမြင် အနုပညာရပ်ဆိုင်ရာ စာလုံး များကို ဖန်ဆင်းသူတစ်ဦးအဖြစ် ထင် ရှားသည်။ စာလုံးအချို့ကို ကောက် ယူကြည့်လျှင် -

Function ကို ဆောင်တာဟု ပြန်ဆိုသည်။ Skeleton ကို ရိုးတံ ဟု ပြန်ဆိုသည်။ Form ကို ထုသွင်ဟု ဆိုသည်။ Plastic Art ကိုတော့ မည်သို့မျှမပြန်။ မော်တော်ကား၊ ဖုန်း၊ မော်တာ၊ တီဗီလို့ ရေးသလို ပလတ် စတစ်အနုပညာ။ Illusion ကို မြင်ယောင်မှား။ Perspective ကျတော့ ပါစပတ်တစ်။ Space Time Concept ကိုဟင်းလင်း ကာလသညာသိ။ Concept ကိုသညာသိ။ Structure ကို အမာခံ ဖွဲ့စည်းမှု။ Functional Architecture ကို ဆောင်တာပြ ဗိသုကာ လက်ရာ။ Utilitarian Architecture ကို အသုံးကျ ဗိသုကာ လက် ရာ။ သောဘဏအလှ၊ သောဘဏ အနုပညာ -Asethetic Arts, Symbolism ကို နိမိတ်ပြ ဗိသုကာ။ Modern Functionalism Architec-trure ကို ခေတ်သစ်ဆောင်တာပြ ဗိသုကာ။ Space Mass Concept ဟင်းလင်းထုထည်ကို အခြေခံသော သညာအသိ။ Curtain Wall ကို အမာခံမှ လွတ်သောနံရံ။ Propotion ကို အချိုးအဆစ်။ Pattern ကို အပြောက်အဆင်။ Texture ကို ဗြုတ်ကြမ်း။ Plain Surface ကို စင်းချော၊ ပြောင်ချော။ Ornament ကိုအပြောက်။ Expression ဖော် ထုတ်ချက် (သရုပ်)။ Concept -သညာသိ။ အကြည်- Transparency ဟင်းလင်းပေါက်- Void လုံးဝန်းသော ထုသွင်ရှိသည့် ပေါင်းမိုး- Dome အဖောင်းအပိန်- Plasticity, ဇာတိ သရုပ် - Expression of Substance အရောင်အသွေး - Color & Tone အပြင်ဟင်းလင်း - Outdoor Space အတွင်းဟင်းလင်းခွင် - Indoor Space, အာဝါသ- Atmosphereရိုးတံ ဆောက်ဖွဲ့ချက် - Skeleton Structure, အမြင်နရီ - Visual Rhythmအမြင်ပညာရပ် -Visual Art, အလုပ်ပြ ဗိသုကာလက်ရာ - Functionalism Architecture ကိုယ်ထည် ကြန်အင် - Substance အပြင် အဆင် - The Motifs ထိစပ်ကြမ်းပြင် -The Attached Floor ကင်းလွတ် ကြမ်းပြင် - The Detached Floor အပြောက်အဆင် - Stripes အကွက် ဆင်- Pattern.

ဆရာ့ရဲ့ ပန်းချီ၊ ဗိသုကာ၊ အနု ပညာဆောင်းပါးများကို သည်လို စကားလုံးရွေးကာ ထုံမွှမ်းစီခြယ်ထား ပါသေးသည်။

တူညီနရီ ဟန်ရသ - Regular Rhythm, တူညီ နရီဟန်ကပေးသည့် ရသ - Metrical Rhythm အလျှော နရီ - Decending Rhythm အတက် ရစ်သမ် - Ascending Rhythm

ကညာဟန်ရသ-Lyricism ဂဇာ ဟန် ရသ- Stabilism ကပီဟန်ရသ- Dynamism.

ရသ- Experience စံတည်မှု Architype, အမြင် ဝန်ချိန် ရသ- Visual Weight, ရွေ့လျားဟန် ရသ- Apparent Motion, Style ကို ဟန် ရသဟူ၍ တစ်ခါတလေပြန်ဆိုသည်။ အနုပညာလက်ရာကိုမူ ဟန်ဝါဒ သုံး စွဲတတ်သည်။

(၃)
၁၉၇၃-၇၇ ခုနှစ်ဝန်းကျင် ကာလများဟု မှတ်သားမိပါသည်။ ဆရာသည် ရှုမဝ၊ မိုးဝေ မဂ္ဂဇင်းတို့တွင် ပန်းချီ အနုပညာ ဗိသုကာ၊ မြို့ပြစီမံကိန်း၊ မြို့ပြဒီဇိုင်း ပညာရပ်ဆိုင်ရာ ဆောင်းပါးများကို ခပ်စိပ်စိပ် ရေးသားနေချိန် ဖြစ်ပါသည်။ ၁၉၇၁ ဝန်းကျင်ကတည်းက ရေးသားခဲ့ သည်ဟု ထင်မိပါသည်။ ကျွန်တော်သည် ဆရာ၏ စာဖတ်ပရိသတ် တစ်ဦးအနေဖြင့် ဆရာ့ကို အရင်သိခဲ့ရ ပါသည်။ ထိုစဉ် အာခီတက် ကျောင်းသား ဖြစ်နေသော်လည်း ဆရာက အတန်းငယ်များကို စာမသင်ကြားသေးပါ။ စာသင်နှစ်လေးတန်း 4th year ရောက်မှ ဆရာပို့ချသောဘာသာ ရပ်များပါဝင်လာပါသည်။ ၂ဝ ရာစု ဗိသုကာပညာ မော်ဒန် အာခီတက်ချာနှင့် အရှေ့တိုင်း ဗိသုကာ ပညာရပ်များကို ဆရာပို့ချပါသည်။

ဆရာ့ရဲ့ လုလင်ငယ်သွေးဘဝ။ ရန်ကုန် စက်မှုတက္ကသိုလ် ဗိသုကာ ဌာနတွင် ဗိသုကာ ပညာပို့ချ ပေးနေ သော တက္ကသိုလ် ကျောင်းဆရာဘဝ။ ဗိသုကာ ပညာဆိုင်ရာ စာတမ်းများ ဖတ်ကြားသော ပညာရှင်ဘဝ။ အာခီတက် အသက်မွေးမှုဘဝ။ စာရေးဆရာ ဘဝ။ တရားပြဆရာဘဝ စသဖြင့် ဆရာ့ရဲ့ ရုပ်ပုံလွှာ ကားချပ်များကို တစ်လွှာချင်း ပုံကြမ်းများ ရေးခြစ်နေ မိပါသည်။

(၄)
ဆရာ့မျက်နှာမှာ ကုန်စည်ဒိုင်မှ ပွဲစားကြီး မျက်နှာပေါက်နှင့် မတူ။ ကျောက်စိမ်းကုန်သည်နှင့်မတူ။ ဘောလုံးပွဲ ဒိုင်လိုမျိုး မဟုတ်။ ဆရာ့ ရုပ်လက္ခဏာ သွင်ပြင်သည် တည်ကြည်သော၊ လေးနက်သော မျက်နှာမျိုး။ မြန်မာလူမျိုးတို့၏ အသားအရေ၊ အသွေးအရောင်အရ ဆိုလျှင်တော့ အသားဖြူသည်ဟု ဆိုနိုင်သည်။ ဆရာ့ ကိုယ်နေဟန်ထားမှာ မဆူ မကြုံ မနိမ့်မမြင့်။ မျက်နှာ လေးထောင့်ဆန်ပြီး၊ မေးရိုး အနည်းငယ် ကားသယောင်။
ဆရာ ရန်ကုန်ရောက်တာ ကြာပါပြီ။ ၁၉၅၃ ခုကပါ။ ဆရာ့ရဲ့ လေယူ လေသိမ်း စကားပြော ဟန်ပန်မှာ အနည်းငယ်ဝဲသယောင် ရှိသေးသည်။ ဆရာက မြိတ်သား။ တိတိကျကျ ပြောရလျှင် မြိတ်မြို့ အင်္ဂမော်ကျေးရွာအုပ်စု၊ ကုလတောင် ရွာဇာတိ။ အဖ ဦးသက်ဖေ၊ အမိ ဒေါ်ငွေသက်တို့မှ ၁၃-၁၂-၁၉၃၃ ရက်တွင် မွေးဖွားသည်။ မိဘတို့၏ လက်ငုတ်လုပ်ငန်းမှာ လယ်ယာနှင့် ရာဘာခြံဖြစ်သည်။ ၁၉၅၃ ခုနှစ်တွင် မြိတ်မြို့ အ.ထ.က-၁ မှ တက္ကသိုလ် ဝင်တန်းအောင်မြင်သည်။ ၁၉၅၉ ခုနှစ်တွင် အာခီတက်ဘွဲ့ B.Sc. Engineering (Architecture) ကို အဆင့်မြင့်မြင့်ဖြင့် ဒုတိယ အသုတ် အောင်မြင်ခဲ့သည်။

စည်သူ ဦးတင်၏ ရုံး၌ နှစ်နှစ်၊ A.C Martin ကုမ္ပဏီ၏ ရုံး၌ လေးနှစ် စသဖြင့် အာခီတက် ရုံးများတွင် အာခီတက် ပညာရှင်အဖြစ် ခြောက်နှစ်ခန့် လုပ်ကိုင်ခဲ့သေးသည်။

(၅)
၁၉၆၄ ခုနှစ်တွင် တက္ကသိုလ်များ အုပ်ချုပ်ရေးစနစ် ဖွဲ့စည်းပုံ ပြု့ပင်ပြောင်းလဲခဲ့သည်။ ၁၉၆၅ ခုနှစ်၊ ဒီဇင်ဘာလမှ စာသင်ဆရာဘဝ စတင်သည်။ ရန်ကုန် စက်မှုတက္ကသိုလ်၊ ဗိသုကာဌာနတွင် လက်ထောက်ကထိက ရာထူးဖြင့် သင်ကြားရေး နယ်ပယ်တွင် ဆရာအခြေချ နေထိုင်ခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် ဆိုဗီယက် ယူနီယံသို့ ပညာတော်သင် စေလွှတ်ခြင်း ခံရသည်။ မော်စကို ဗိသုကာ တက္ကသိုလ်မှ မြို့ပြ ပုံထုတ် ဗိသုကာ ပညာရပ်ဖြင့် ပါရဂူဘွဲ့ကို ၁၉၇၁ ခုနှစ်တွင် ရရှိခဲ့သည်။ မြန်မာနိုင်ငံ ပြန်ရောက်သောအခါ ရိုးရာ ဗိသုကာ ပညာနှင့် ခေတ်သစ် ဗိသုကာ ပညာ တို့ကို ဘယ်လို ဆက်စပ်ပေးမလဲ ဟု ဆင်ခြင်မိသည်။

တက္ကသိုလ်ကျောင်းဆရာ ဘဝမှာ လှေကားထစ်များ တက်သလို တစ်ထစ်စီ တက်လှမ်းခဲ့ရသည်။ လက်ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခ၊ ဒုပါမောက္ခချုပ်။ ၁၉၉၅ ခုနှစ်တွင် ရန် ကုန် နည်းပညာတက္ကသိုလ်မှ ဒု ပါ မောက္ခချုပ် တာဝန်မှ အငြိမ်းစား ယူသည်။ ဆရာ၏ သင်ကြားရေး ဝါသနာမှာ ပြည်ဖုံးကား မချသေး ပါ။ ဂုဏ်ထူးဆောင် ပါမောက္ခ(ဗိသု ကာ) အဖြစ် ဗိသုကာပညာ သင်ကြားပေးသေးသည်။ ၁၉၉၅ မှ ၂ဝဝ၃ အထိတိုင်။ ၁၉၉၈-၂ဝဝ၁ ခုနှစ်တွင် ရှေးဟောင်း သုတေသနပညာဌာန၊ ရန်ကုန်တက္ကသိုလ်တွင် ဗိသုကာ ပညာရပ်အခြေခံကို ဘွဲ့လွန် ဒီပလိုမာ သင်တန်း၌ ပို့ချခဲ့ပါသေးသည်။

(၆)
ပုဂံမြို့တွင် ဝေနေအောင် ပေါကြွယ်သည့် အဝင်မုခ်ဦး၏ Symbolic Meaning ကို စကြဝဠာ ဖွဲ့စည်း ပုံမှအစ လေးကျွန်း တစ်မြင်းမိုရ် အတွေး အခေါ်များနှင့် ယှဉ်တွဲပြီး အဓိပ္ပာယ် ဖွင့်ပေးခဲ့သည်။ ဗိသုကာ ပညာနယ်ပယ်တွင် သီဝရီ၏ အရင်း အမြစ်အထိဆင်း၍ လေ့လာခဲ့သည်။ စစ်ကဲကြီး ဦးရွှေနော် အသက် ၇ဝ ကျော်မှ ရေးသားသော အာဒိကပ္ပ ကမ္ဘာဦးကျမ်းကို မှီငြမ်းပြီး ကမ္ဘာ စကြဝဠာကို ဖြတ်ပိုင်းပုံ မြင်ရဟန် ကို အခြေပြုပြီး ပုဂံ ပုထိုးများ၏ မုခ်ဝ၊ သင်္ကေတဖော် ဗိသုကာလက် ရာဖြစ်ကြောင်း ပထမဦးဆုံး ရဲဝံ့စွာ တင်ပြထားခဲ့သည်။ ဆရာသည် သုတေသနစာတမ်းများ ဖတ်ကြား ခဲ့သေးသည်။

ပထမဆုံး သုတေသန စာတမ်းမှာ မြန်မာမြို့တော်ဟောင်းများနှင့် အိမ်နီးချင်းနိုင်ငံများမှ မြို့တော်ဟောင်းများကို နှိုင်းယှဉ်လေ့လာချက် (၁၉၇၂)။

ဒုတိယမြောက် သုတေသန စာတမ်းမှာ ပုဂံခေတ် အုတ်၊ အင်္ဂတေ၊ ဗိသုကာလက်ရာများ လေ့လာ ချက် (၁၉၇၃)။

တတိယမြောက် သုတေသန စာတမ်းမှာ ကိုလိုနီခေတ် ဘုန်းတော်ကြီး ကျောင်းတိုက်များ၏ ဗိသုကာ လက်ရာဖွဲ့စည်းပုံ လေ့လာချက် (၁၉၇၅)။

မှတ်ချက်။ ။ တတိယ စာတမ်းမှာ ၁၉၇၄ ဒီဇင်ဘာလတွင် ဖတ်ရန် စီစဉ်ထားသော်လည်း ရက်ရွှေ့လိုက် ကြသဖြင့် ၁၉၇၅ ခုနှစ် ဇွန်လတွင်မှ တင်ပြဖတ်ကြားရပါသည်။ ဤတွင် မြန်မာဘုန်းတော်ကြီး ကျောင်းတိုက်တို့၏ Typical Roof Composition အခြေခံတို့ကို အသေးစိတ်တင်ပြ ထားခဲ့၏။ Splendor in wood ကို ရေးသော ဆရာမ Freezar Lu က ဆရာ့တင်ပြချက်ကို ကိုးကားပြီး မြန်မာ့သစ်သား ဗိသုကာ လက်ရာ တို့ကို ဝေဖန်ပိုင်းခြားမှု ပြုထားရ ပါသည်။

(၇)
၁၉၈၂ ခုနှစ်တွင် ကျွန်တော်၏ အာခီတက်ကျောင်းသားဘဝ လမ်း တစ်ကြော၌ အရေးကြီးသော အပိုင်း

တစ်ခုသို့ ရောက်ရှိခဲ့ပါသည်။ ကျွန်တော်၏ ဘွဲ့ယူစာတမ်း -Thesis ၏ ခေါင်းစဉ်မှာ ပန်းချီပန်းပု အနုပညာ ပြတိုက်- Art Gallery ဖြစ်ပါသည်။ ဆရာဦးအောင်လွင်က ကျွန်တော်တို့၏ ဘွဲ့ယူစာတမ်း လမ်းညွှန်ဆရာ Guide ဖြစ်ပါသည်။ ကျွန်တော့်ရဲ့ Client မှာ ဆရာမြဇင် (ဦးဝင်းဖေ၊ အနုပညာ ဦးစီးဌာန၊ ညွှန်ချုပ်) ဖြစ်ပါသည်။ ကျွန်တော်သည် ရှေ့ဆုံးတန်းမှ တပည့်မဟုတ်သလို နောက်ဆုံးတန်းမှ ခပ်ညံ့ညံ့ တပည့်တော့ လည်းမဟုတ်ပါ။ သို့သော် ဆရာ သိန်းဖေမြင့်၏သား ကိုခွန်သာမြင့်တို့လို နာမည်ကြီး ကျောင်းသား အာခီတက် မဟုတ်သလို ဆရာမြဇင်၏သား ကိုသက်ဝင်းတို့လို နာမည်ကျော် တစ်ဦးလည်းမဟုတ်ပါ။ စိုင်းထီးဆိုင် သီချင်းထဲကလို ထိပ်ဆုံးထိ မရောက် ခဲ့ရတောင် အလယ်လောက်တော့မက သည့်လူ ဖြစ်သည်ဟုထင်ပါသည်။

ကျွန်တော်က ဆရာဦးလှမြင့် စကူးလ်က ဖြစ်သော်လည်း ဆရာ ဒေါက်တာလွင်အောင်၏ စာပေများ သည် ကျွန်တော့်အတွက်တော့ အား ဆေးဖြစ်ခဲ့ရပါသည်။ မလွတ်တမ်း လည်း ဖတ်ရှုလေ့လာဖြစ်ပါသည်။ ဆရာရေးသားသော ဗိသုကာ ဆောင်း ပါးများကို နားလည်သည်လည်းရှိ သလို သဘောမပေါက်သည်လည်း ရှိပါသည်။ ပြဿနာမရှိပါ။ ခေတ် ပေါ် ကဗျာတချို့ကိုလည်း ကျွန်တော် နားမလည်ပါ။ သို့သော်ဖတ်ပါသည်။ သခင်ကိုယ်တော်မှိုင်း၏ လေးချိုးကြီး၊ ဂဏ္ဌီ၊ ဋီကာ အချို့ကိုလည်း နားမလည်ပါ။ ကြိုးစား၍ ဖတ်ပါသည်။

၁၉၉၈ ခုနှစ်လောက်က ဖြစ်ပါသည်။ ကမာရွတ် လှည်းတန်း၊ ဇေယျာသီရိ လမ်းကျဉ်းကျဉ်း ကလေးထဲတွင် ကျွန်တော်နေထိုင်စဉ်က ဆရာသည် အနော်ရထာ အိမ်ရာ စီမံကိန်း၏ မြေညီထပ် အခန်း -၉တွင် ၁၉၉၅ ခုနှစ် ပင်စင်ယူပြီး နေထိုင်ပါသည်။ ထိုအခန်းလေးတွင် ရှစ်နှစ်ကြာ နေထိုင်ခဲ့ပါသည်။ အကြောင်းတစ်စုံတစ်ရာ ရှိသဖြင့် ဆရာ့အိမ်သို့ တစ်ရက်သွားဖြစ်ပါသည်။

ဆရာက ကျွန်တော့်ကို ''ညွန့်ဝင်းလေး၊ စာရေးနေသလား''လို့ မေးပါသည်။ ကျွန်တော်က''နည်းနည်း ရေးကြည့်နေပါတယ်''လို့ ဖြေပါ သည်။ တက္ကစီ ကားတစ်စီးကို ဆရာ ခရီးသည်အဖြစ် စီးနင်းလာရင်း ကားပေါ်တွင် ရနံ့သစ် မဂ္ဂဇင်း တစ်အုပ် တွေ့သည်ဟု ဆရာက ဆိုပါသည်။ မာတိကာလှန်ကြည့်မိရာ ညွန့်ဝင်းလေးကို တွေ့သည်ဟု ဆိုပါသည်။ မြန်မာ့ အာခီတက် အစဉ်အဆက်တွင် ညွန့်ဝင်းလေးဆိုတာ တစ်ကောင် တည်း ဒါပေမယ့် ခြင်္သေ့။ ရိုးရိုးသား သားနေထိုင်သော သိဟ်ရာသီဖွား။ အင်္ဂါသားလေးဖြစ်ပါသည်။

ဆရာသည် ပွင့်လင်းစွာနှင့်ပင် အာခီတက်တချို့ကို စာရေးဖို့ မျှော် လင့်မိခဲ့ကြောင်းပြောပါသည်။ ထို အာခီတက် ဆရာများ စာရေးဖြစ်၊ မရေးဖြစ် ကျွန်တော် မသိသေးပါ။ ကျွန် တော်ကတော့ မိုးရွာလျှင် စာရေး သား၍ နေပူလျှင်လည်း စာရေးသား တတ်ပါသည်။ မနက်စောစောမှာ စာလေး ဘာလေး ရေးသားခဲ့ဖူးသလို ညဥ့်နက်နက်မှာလည်း တစ်တို တစ် ထွာ ရေးသားမိပြန်ရော။ နွေလည်း နွေ၊ မိုးလည်းမိုး၊ ဆောင်းလည်း ဆောင်း။

တစ်ရက်မှာ ကျွန်တော့်ရဲ့ ပထမ ဆုံး ဥယျာဉ်ဖြစ်သော ကြယ်ရောင် လရောင် ဗိသုကာ ရသဆောင်း ပါးများ စုစည်းမှု-၁ ကို ဆရာ့ထံ လက်ဆောင်ပေးမိပါသည်။ ဆရာ သည် ကျွန်တော်၏ ပထမဆုံးလက် ရာကို သေချာစွာဖတ်ရှုပါသည်။ သေချာစွာ တည်းဖြတ်ပေးပါသည်။ စာလုံး အကျ အပေါက် မှားယွင်းမှုများ၊ စကားပြေ မပြေပြစ်မှုများ၊ စကားလုံး ရွေးချယ်မှုများ၊ ပညာရပ်ဆိုင်ရာ ဝေါဟာရ မြန်မာမှုပြုပုံများ၊ လစ်ဟာ နေသော ကွက်လပ်များကို တစ်လုံးချင်း၊ တစ်လိုင်းချင်း၊ တစ်မျက်နှာ ချင်း ပိုင်းဖြတ်ပေးသည်မှာ လွန်စွာ တန်ဖိုးရှိလှပါသည်။

၂ဝဝ၃ ခုနှစ်၊ ဒီဇင်ဘာလ ခရစ်စမတ်နေ့မှာ ဆရာသည် ဓမ္မရိပ်တွင် ခိုဝင်ပါသည်။ ကျွန်တော်နှင့် မနီးမဝေးတွင် ဆရာ သီတင်းသုံးပါသည်။ တစ်ခါတော့ ကျွန်တော်၏ ဒုတိယမြောက်စာအုပ် ဟင်းလင်းကို ဂီတဖွဲ့ဆိုသူ စာအုပ်တွင် အမှာစာ ရေးပေးပါရန် ဆရာတော်အား ခွင့် ပြုချက်တောင်းကြည့်ပါသည်။ ဆရာက ကြည်ဖြူစွာဖြင့် အမှာစာရေး ပေးမည်ဟု ပြောပါသည်။ စာအုပ် တွင် ထည့်မည်ဖြစ်သော မဂ္ဂဇင်း၊ ဂျာနယ်များတွင် ပုံနှိပ်ဖော်ပြပြီး ဆောင်းပါးများကို ဆရာ့ထံပေး၍ ဖတ်ရပါသည်။ ဆရာက သေချာစွာ ဖတ်ရှုပါသည်။ တည်းဖြတ်ပါသည်။ တပ်မဟာဦးစီး ဗိုလ်ချုပ်တစ်ယောက် က တပ်မကိုစစ်ဆေး၍ ကျေနပ် သည့်ခံစားမှုမျိုးဖြင့် အမှာစာရေး သည်ဟုဆိုပါသည်။ ၂ဝဝ၉ ခုနှစ် တွင် ထုတ်ဝေဖြစ်ခဲ့ပါသည်။

ဆရာနှင့် ခေတ်ပြိုင် အာခီတက်များမှာ များများစားစားသိပ်မရှိ။ ရန်ကုန်တက္ကသိုလ်မှ အာခီတက်ဘွဲ့ ပေးသော ဒုတိယအသုတ် (၁၉၅၉) ဖြစ်သည်။ ဦးမောင်မောင်ကြီး၊ ဦးကျော်ဇော၊ ဦးအောင်သင်း၊ ဦးဌေး ငွေ၊ ဦးဝင်းစိန်၊ ဦးဂျက်မင်း၊ ဦးဘို ကြီးတို့နှင့် အတူဘွဲ့ရသည်။ ဘီအို စီကောလိပ် B.Sc (Engineering) Architecture ပထမဆုံး အသုတ်မှာ ဦးမျိုးမြင့်စိန်၊ ဦးထွန်းသန်း၊ ဦးတင် ထွန်းခင်၊ ဦးမြင့်သိန်း၊ ဦးတင်မောင်ရင်တို့ ဖြစ်သည်။ ၁၉၆ဝ တွင် မြန်မာကျော် ဦးခင်မောင်ရင်၊ ဦးတင် ထွန်း၊ ဦးအောင်ကြီးမြင့်၊ံ လှမြင့်၊ ဒုတိယအသုတ်မှ ကျန်ရစ်သူ ဗိုလ် ကြီးဟောင်း ဦးထွန်းလွင်၊ ဦးကျော် ရင်၊ ဦးဖေဝင်း၊ Sစိန်ဝူ၊ ဦးဝေလွင်။

ဆရာသည် ခေတ်သစ် အာခီတက်များနှင့် မြန်မာ့ရိုးရာ ဗိသုကတို့ကို ပေါင်းကူးထားသော တံတား တစ်စင်းဖြစ်သည်ဟု ယူဆပါသည်။ ၁၉၇ဝ အလွန်နှစ်ကာလများတွင် ပန်းချီ၊ ပန်းပု၊ ဗိသုကာ၊ မြို့တည် ဗိသုကာ၊ ရိုးရာ ခေတ်သစ် စာစုများကို ရှုမဝ၊ မိုးဝေမဂ္ဂဇင်းများတွင် တလှိုင်လှိုင် ရေးသားခဲ့ရာ စာသမားများ ဝမ်းသာပီတိ ဖြစ်ရသည်။ ဆရာ ဒေါက်တာလွင်အောင်၏ သောဘဏ၊ ထုသွင်၊ ဆောင်တာ၊ ဖော်ထုတ်ချက်၊ ဟင်းလင်းခွင်စသော ဝေါဟာရ အသစ်များ စာပေသမားတွေထဲ ပျံ့ နှံ့ခဲ့ရပေသည်။

ဆရာသည် ၁၉၇၁ ခုနှစ်တွင် နိုင်ငံခြား ပညာတော်သင်မှ ပြန်ရောက်ရှိလာပါသည်။ ဆိုဗီယက် ပြည်ထောင်စု၊ မော်စကို တက္ကသိုလ်မှ ပါရဂူဘွဲ့ ဆွတ်ခူးရရှိ ခဲ့ပါသည်။ ၁၉၇၁ အလွန် နှစ်ကာလများမှစ၍ ရှုမဝ ရုပ်စုံမဂ္ဂဇင်း၊ မိုးဝေ မဂ္ဂဇင်း တို့တွင် ပန်းချီ၊ ပန်းပု၊ ဗိသုကာ အနုပညာရပ်ဆိုင်ရာ ဆောင်းပါးများ ရေးသားရင်း စာပေလောကသို့ စတင် ခြေလှမ်းခဲ့ပါသည်။ ဆရာသည် တက္ကသိုလ် ပရဝုဏ်ပြင်ပသို့ ထွက်၍ စာပေလောက၏ ဂျာနယ်၊ မဂ္ဂဇင်း များတွင် ဗိသုကာ ပညာရပ်ဆိုင်ရာ ဆောင်းပါးများ အစောဆုံးရေးသား သော အာခီတက် တစ်ယောက်ဖြစ် ပါသည်။ နောက်ပိုင်းတွင် ဆရာ ဦးကျော်မင်း၊ ဆရာ (ဦး) ခင်မောင်ရင် တို့ ထုံ့ပိုင်းထုံ့ပိုင်း ရေးသားလာကြပါ သည်။ မြတ်လေး၊ ပေဖူးလွှာ၊ ပန်၊ ဝေဒ .. စသဖြင့်။

တက္ကသိုလ် ပညာ ပဒေသာ စာတမ်းမပါလျှင် ပုံနှိပ်ထုတ်ဝေခွင့်ပြု ချက်ဖြင့် ထုတ်ဝေခဲ့ဖူးသော စာပေ လက်ရာများမှာ
၁။ ဗိသုကာ အနုပညာ အတွေး အမြင် နှင့် ဗိသုကာ အဆောက်အအုံ ပညာ စာစုများ (၂ဝဝ၄)

၂။ ဗိသုကာ့ လက်ရာ (၂ဝဝ၉)
(၈)
ဆရာ့ရဲ့ ဗိသုကာ လက်ရာ တချို့ကို တင်ဆက်ချင်ပါသည်။

ဖောင်ကြီး ဝန်ထမ်းတက္ကသိုလ်၏ မုခ်ဦးနှင့် အတွင်းရှိ စေတီတော် တို့မှာ ဆရာ့လက်ရာများ။

ချင်းပြည်နယ်၊ ကလေး ကော လိပ် (၁၉၉ဝ-၁၉၉၂)

ယခင် ပထမအဆင့် ဂမုန်းပွင့် ကုန်တိုက်၊ မြေနီကုန်း လေးထပ်ကုန်တိုက်။

မြိတ်မြို့၊ ကန်ဖျားလမ်းမကြီး၊ ယခင် ဓာတ်မီးစက်ရှေ့ရှိ ဦးသိန်းအောင်၏ နှစ်ထပ်တိုက်ငယ်တစ်လုံး။ ၁၉၈ဝ ခုနှစ်ပိုင်းဖြစ်၍ အထူးအဆန်း ဟု မြို့ခံတို့က ထင်မြင်ခဲ့ကြသည်။ ယခုခေတ် အမြင်မှာတော့ သာမန် အုတ်တိုက်တစ်လုံးသာ။

၁၉၉၇ ခုနှစ်တွင် အီဂတ်ပူရီ သို့ ဘုရားဖူးသွားရင်း တရားဝင်ထိုင်သည်။ ဦးဂိုအင်ကာက ရက် ၃ဝ စခန်း ဝင်ရန်ခွင့်ပြုသဖြင့် ရက်ရှည် တရားစခန်းဝင်ပြီးနောက် လက် ထောက်တရားပြဆရာ ခန့်ခဲ့သည်။ ထိုကာလအတွင်း Global Vipassa-na Pagoda Project တွင် ပညာဖြင့် လုပ်အားပေးပုံထုတ်ပေးခဲ့သည်။

ရန်ကုန်မြို့လယ်ခေါင် ဆူးလေစေတီတော် ဘက်စုံ စီမံကိန်းကြီးသည် ဆရာ့အတွက် စိတ်အကျေ နပ်ဆုံးပညာရပ် လုပ်ငန်းနှင့် ဝေယျာဝစ္စ ကုသိုလ်လုပ်ငန်းဖြစ်ကြောင်း မိန့်ဆိုခဲ့ဖူးလေသည်။ ထိုစဉ်က လက်တွဲ ဖော်များမှာ အာခီတက် ဦးသိန်းဇော်၊ မောင်ဖေမောင်သိန်း (ကွယ်လွန်)၊ ဒေါ်နီလာကျော်၊ ဦးစံဌေး၊ မောင်လှ မြင့်တို့ဖြစ်ကြသည်။ ဆရာကပြော ဖူးပါသည်။ ပန်းပုဆရာကြီး ဦးဟန်တင်က ဗုဒ္ဓဂယာသတ္တ၊ သတ္တာဟ နေရာများအနက် မုဉ္စလိန္နအိုင်အတွင်း နဂါးရုပ်တု လက်ရာဖန်တီးဖို့ သုံးလကြာ လုပ်အားပေးခဲ့သည်ကို သူအလွန်အားကျခဲ့ကြောင်း။ ဆရာကြီး ဦးဂိုအင်ကာ၏ ကမ္ဘာ့ဝိပဿနာ စေတီတော်အတွက် နှစ်နှစ်တာ ဗိသု ကာ လုပ်အားဒါနပြုခဲ့ရသည်ကို အလွန်ဝမ်းမြောက်သည်တဲ့။

(၉)
ဗိသုကာ ပညာရပ်ကို လေ့လာကြည့်ရာ ဘောလုံးကွင်းတွင် ဘောလုံးပွဲ တစ်ပွဲ ကြည့်ရတာနှင့် တူနေပါသည်။ အထူးတန်းမှ ကြည့်မလား။ အရှေ့ဘက်တန်း၊ တောင်ဘက်တန်း၊ မြောက်ဘက်တန်းက ကြည့်မလား။ နီးနီးကကြည့်မလား။ ဝေးဝေးက ကြည့်မလား။ ခပ်နိမ့်နိမ့် အနီးကြည့် မလား။ ခပ်မြင့်မြင့် အပေါ်စီးက ကြည့်မလား။ ရှုကွက် မြင်ကွက် မျိုး စုံမှမြင်တွေ့ခံစားနိုင်ပါသည်။

ဆရာသည် ပန်းချီ၊ ပန်းပု၊ ဗိသုကာ အမြင် အနုပညာရပ်ဆိုင်ရာ စာစုများကို ရှုကွက်ပေါင်းစုံမှ ပန်းချီ ဗိသုကာ၊ ပန်းပု ဗိသုကာ၊ ထုသွင် အနုပညာ၊ ပန်နှင့်ချီအတတ်၊ ကျူးဘစ် ပန်းချီဟန်၊ ဒီဇိုင်းမည်သော ပန်ပညာ၊ လှုပ်ရှားမှုသရုပ်၊ အနုပညာ၏ အတွင်း သရုပ်... ပန်းချီ၊ ပန်းပု၊ ဒီဇိုင်း၊ ဗိသုကာ ယှက်နွယ် ပုံများကို လည်းကောင်း။

ပုဂံခေတ် ဟင်းလင်းထုထည် ဖွဲ့စနစ်များ၊ ပြာသာဒ် ဦးပြည်း၊ ဝဲလင်းဆောင်၊ ကျိုက်အသုတ်မှသည် အနာဂတ် ဆူးလေထူပါသို့ ရိုးရာ အိမ်ဆောက် ဗိသုကာ ပညာ၊ ထီးနှင့် အထွတ်၊ ပုရပိုက်မှတ်တမ်းများ၊ ရိုးရာဗိသုကာ အစဉ်အလာများကို လည်းကောင်း။

မြန်မာ မြို့တည် ဗိသုကာ လက်ရာ ၊ နိုင်ငံခြားရောက် မြန်မာ မြို့ တစ်မြို့၊ မြို့တည်ပုံထုတ် ဗိသုကာ ကော်ဗျူးဇေး၊ မြို့တည်ပုံထုတ် ဗိသုကာ ကော်စတာ၊ ကုန်းဘောင်မြို့တည် ဗိသုကာလက်ရာ (၁)၊ (၂) စသဖြင့် မြို့တည် ဗိသုကာ ပညာရပ် ဆိုင်ရာများကိုလည်းကောင်း။

ဗိသုကာ သောဘဏရသ၊ ဗိသုကာ ဒဿန၊ မြန်မာ့ ဗိသုကာ ဝိညာဉ်၊ ဗိသုကာ ပညာလက်ရာဟန် ရသများ၊ ဗိသုကာ လက်ရာ သရုပ်နှင့်ရသ၊ လက်ရာဟန် ခံစားနိုင်ဖို့ (၁) (၂)၊ ရသပေးသည့် ထုသွင်များ စသည့် ဗိသုကာ ဒဿန၊ ဗိသုကာ အလှဗေဒအ ဆောက်အအုံ ဗိသုကာ လက်ရာဆိုင်ရာများကိုလည်းကောင်း ခြယ်မှုန်းခဲ့လေသည်။

City Architecture, Building Architecture, Decor - Architecture များ၏ အခြေခံကဏ္ဍများကို ပေစာ၊ ပုရပိုက်စာများနှင့် ညှိပြီး ရှင်းလင်း တင်ပြခဲ့သည်။ သာသနိကအဆောက် အအုံများသုံး ဝေါဟာရများ ရှုပ်ထွေးနေ၍ သိမ်၊ ကျောင်း ၊ ပုထိုး၊ စေတီ၊ ထူပါစေတီတို့ကို ခွဲခြားပိုင်းဖြတ် ရှင်း လင်းပေးခဲ့သည်။

အာခီတက် ဘွဲ့ရအားလုံးသည် ချွန်မြနေသော ဒီဇိုင်းဖန်တီးရှင်များ မဟုတ်ကြပါ။ ဆရာသည် သီဝရီ သမားဖြစ်သည်။ သုတေသီ တစ်ဦးလည်း ဖြစ်သည်။ စာပေမှာ မွေ့လျော်သော စာသမားဖြစ်သည်။ အနုပညာ၊ ဒဿန၊ သမိုင်းနှင့် ဗိသုကာ ပညာရပ်များ ပေါင်းဆုံ၍ တသွင်သွင် စီးဆင်းနေသော မြစ်ကြီးတစ်စင်း အသွင်ဖြင့် ဆရာ့ကို မြင်ကြည့်နေမိ တော့သည်။
ညွန့်ဝင်းလေး
 

No comments:

Post a Comment