ဆရာတော်ဦးဇောတိက၏မှတ်သားဖွယ်ရာ ဒေါသနည်းအောင်နေနည်း
လူတိုင်းစိတ်ပင်ပန်းရတာသက်သာအောင်အကောင်းဆုံးလုပ်နည်းကတတ်နိုင်သလောက်ကြိုတင်ကာကွယ်တဲ့ နည်းပါပဲ။
• သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊ ကပ်ပြီးမှပြောရင် ပြင်ဆင်ချိန် မလောက်လို့ စောင့်နေတဲ့အခါမှာ စိတ်တို တတ်တယ်။
• သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင် ၀ယ်ထားပါ၊ သုံးချင်တဲ့အချိန်ကျမှ ကုန်နေလို့ စိတ်တိုတာ မဖြစ်အောင်နော်။
• ကတိအကျွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကိုလွယ်လွယ်နဲ့မပေးပါနဲ့။ ကတိပေးပြီးမှ မတည်နိုင်တဲ့အခါ စိတ်ဆင်းရဲ ရတယ်၊ စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့ အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။
• မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။ ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့ လိုတယ်။ ကိုယ့်ရည်မှန်းချက်ကို နဲနဲချင်း ဖြေးဖြေးမြှင့်ပါ။
• ကိုယ့်အတွက် အရေးကြီးတဲ့ ကိစ္စကိုလုပ်ဖို့ အချိန်လုံလောက်အောင် စီစဉ်ထားပါ။ အရေးမကြီးတာတွေကို အရင်လုပ်ပြီး ပင်ပန်းသွားတဲ့အခါကျမှ အရေးကြီးတာကိုလုပ်ရင် ပိုပြီးစိတ်ပင်ပန်း တယ်။ ဒါကြောင့် အရေးကြီးတာကို အရင်လုပ်ပါ။ အရေးကြီးတာကို အရင်လုပ်ပြီးရင် စိတ်ပေါ့ပါးသွားလို့ သိပ်အရေးမကြီးတာကိုလုပ်ဖို့ အားတက်လာမယ်။
• စနစ်တကျလုပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားပါ။ စနစ်ရှိရင် အချိန်ကုန်သက်သာတယ်၊ အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်း ရတာလဲနည်းတယ်။ အဲဒါကြောင့် စိတ်တိုရတာ ဒေါသဖြစ်ရတာပါ နဲသွားတယ်။ ပုံမှန်အချိန်ဇယားနဲ့ လုပ်လို့ဖြစ်တာ မျိုးကို သူ့အချိန်ကျ ရင်လုပ်ဖြစ်အောင် အကျင့်လုပ်ထားတာ ကောင်းတယ်။ အခုလုပ် ရမလား၊ နောက်မှလုပ်ရမလားလို့ တွေးမနေရတော့ဘူး။ အဲဒါကိုက အချိန်ကုန်သက်သာသလို စိတ်ပင်ပန်းတာလဲ သက်သာပါတယ်။
• ကိုယ်နေရတဲ့နေရာ၊ ကိုယ်အလုပ် လုပ်တဲ့နေရာကို တတ်နိုင်သလောက် သန့်ရှင်းသပ်ရပ်အောင် လှပအောင်ပြုပြင်ပါ။ ရှုပ်ထွေး၊ ညစ်ပတ်၊ နံစော် နေတဲ့နေရာမျိုးမှာ အလုပ်လုပ်ရရင် စိတ်ကြည်လင်မှာ မဟုတ်ဘူး။
• စိတ်ကြည်လင်စေမှုကို ဖျက်စီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင် တဲ့နေရာမှာမရှိပါစေနဲ့။ နံရံပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ၊ အလုပ်စားပွဲ ပေါ်မှာ စိတ်ကိုအနှောက်အယှက် ပေးနိုင်တဲ့အရာတွေကို မရှိပါစေနဲ့။ စိတ်တိုစရာကိစ္စ၊ စိတ်ညစ်စရာကိစ္စ၊ အဟောင်းကို အသစ်ဖြစ်အောင် လုပ်မဲ့ ပစ္စည်းမျိုးကို မြင်နိုင်တဲ့နေရာမှာ မထားတာကောင်းတယ်။ ကြည့်လိုက်တာနဲ့ စိတ်ကို ကြည်လင်အေးချမ်းသွားစေနိုင်တဲ့ ရှုခင်း ဓါတ်ပုံမျိုးကို မြင်သာတဲ့နေရာမှာ ထားပါ။ ရေခဲတောင် ဓါတ်ပုံမျိုး၊ ရေကန်ကြီးကြီး ဓါတ်ပုံမျိုးကို ကြည့်ကြီး အဲဒိနေရာမျိုးမှာ ကိုယ်ရောက် နေတယ်လို့ မှန်းကြည့်ပါ။ ကိုမြင်သမျှ ကြားသမျှအရာတွေဟာ ကိုယ့်စိတ်ကို လွှမ်းမိုးတယ်။ ဒါကြောင့် မမြင်ရရင်ကောင်းတဲ့ အရာတွေကို ဝေးဝေးပို့ထားပါ၊ ဝေးလေကောင်းလေပဲ။ ပစ္စည်းတွေက ကိုယ့်စိတ်ကို ချောက်ချားစေနိုင်တယ်။ ဘာပစ္စည်းမှမရှိရင် ဘာအနှောက်အယှက်မှ မရှိဘူး။
• အနံ့အသက်ဆိုးတွေ၊ မီးခိုးတွေ၊ ဆူညံသံတွေ မရှိအောင် လုပ်နိုင်ရင်ကောင်းတယ်။ မရှိအောင်မတတ်နိုင်ရင်တော့ နဲနိုင်သမျှ နဲအောင် လုပ်ပါ။
• ကိုယ်ကအောင်မြင်လေလေ ကိုယ့်ကိုတွေ့ချင်တဲ့သူ၊ ကိုယ့်ဆီက အကူအညီတောင်းချင်သူတွေ များလာလေဖြစ်တတ်တာ သဘာဝပဲ။ တစ်ခါတစ်လေ ကိုယ်မအားတုန်း အလုပ်များနေတုန်း သူတို့ကတွေ့ချင် အကူအညီတောင်းချင်နေလို့ မရမက လုပ်လာရင်လည်း စိတ်အနှောက်အယှက်ဖြစ်ရတယ်။
• စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက် မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများ မကောင်းကြောင်းကို မပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကို အထူးရှောင်သင့်တယ်။ ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင် ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။ အဲဒါနဲ့ပဲ ကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကို သူများကမကောင်းပြောရင်တောင်မှ သူပြောတာမဟုတ်ကြောင်းကိုပဲ အေးအေးဆေးဆေးပြောပြီး သူ့မကောင်း ကြောင်းကိုတော့ ဟုတ်နေရင်တောင်မှ မပြောပဲထား လိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘောထားကြီးကြီး ထားဖို့လိုတယ်။
• စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများ များနဲ့မရောပါနဲ့။ အလုပ်များတဲ့သူဟာ တစ်နေ့ တစ်နေ့ လူတွေနဲ့စကားပြောရတာ နဲမှာမဟုတ်ဘူး။ အခက်အခဲရှိလို့ပြော ချင်ရင်၊ တိုင်ပင်ချင်ရင် တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး ပေးနိုင်မဲ့သူကိုပဲပြောပါ။ မဆိုင်တဲ့သူတွေကိုမပြောပါနဲ့။ စိတ်ပျက် စရာကို ပြောတတ်တဲ့သူတွေကို ဘယ်တော့မှ မပြောပါနဲ့။ စိတ်ပျက်စရာကို ပြောတတ်တဲ့ သူကိုပြောရင် ကိုယ်ပါစိတ်ဓါတ်ကျမယ်။ စိုးရိမ်စိတ်တွေများလာမယ်။ စိတ်ပင်ပန်းမယ်။ ကိုယ်လုပ်မဲ့ အလုပ်မျိုးကို လုပ်နေတဲ့သူ၊ အတွေ့အကြုံများတဲ့သူမှသာ ကိုယ့်အခက်အခဲကိုနားလည်မယ်။ ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကို သေသေချာချာစဉ်းစားပါ။
• အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေး ဆေးဆေးလုပ်တတ်အောင် လေ့ကျင့်ပါ။ အလျင်လိုတဲ့ အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။ အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေ တဲ့သူဟာ စိတ်တိုဖို့ပိုများတယ်။ မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။ ဒါကြောင့် “အရင်လိုရင် အရနှေးတယ်” လို့ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျ လုပ်တတ်တဲ့အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေး တယ် ။
• လတ်တလော အဆင်ပြေအောင် လွယ်လွယ်နဲ့ ကတိမပေးလိုက်ပါနဲ့။ ကိုယ့်ကိုသဘောကျအောင် ဘာတွေပေးမယ်၊ ဘာတွေလုပ်ပေးမယ်၊ ဘယ်လို အခွင့်အရေးတွေပေးမယ် ဆိုတာမျိုးကို မစားရ၀ခမန်း မပြောပါနဲ့။ ကိုယ်ကို အင်မတန် သဘောကောင်း တယ်လို့မြင်စေချင်လို့ ချက်ချင်းဝမ်းသာသွားအောင် မပြောပါနဲ့။ ပြောတုန်းမှာ လွယ်လွယ်နဲ့ ပြောပြီး တကယ်လုပ်တဲ့အခါ ကိုယ်မတတ်နိုင်ရင် မူလက ကိုယ့် စေတနာမှန်ပေမယ့်လည်း ကိုယ့်စေတနာကို တဖက်ကယုံမှာ မဟုတ်ဘူး။ အပြောနဲ့ အလုပ်မညီတာတွေ များလာတဲ့အခါ ကိုယ့်စကားကို ကြာတော့ ဘယ်သူမှ ယုံတော့မှာမဟုတ်တော့ဘူး။ တကယ်ပေးနိုင်မှ၊ တကယ်လုပ်ပေးနိုင်မှပဲ ပြောပါ။ ပေးနိုင် တာထက် နည်းနည်းလျှော့ပြောတာကောင်းတယ်။
• အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညင်းတာခုံတာကို မလုပ်ပါနဲ့။ ဘာမှမဟုတ်တာကို ညင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေ တော်တော်များပါတယ်။ ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာ အရေးမကြီး တာတွေကို ကိုသိတိုင်းလည်း မပြောသင့်ဘူး။ မေးတိုင်းလည်းမဖြေသင့်ဘူး။
• အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင် စောင့်သင့်တယ်။ ကိုယ်မှန်တိုင်း ၀င်ပြောပြီး အနိုင်မယူသင့်ဘူး။ နိုင်လို့ရတိုင်းနိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။ စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား၊ သဘောထားကြီးတဲ့ စိတ်ထားမျိုးကိုမွေးယူရမယ်။
• ဘယ်အလုပ်မျိုးဖြစ်ဖြစ် အဆင်မပြေမှုရှိပါတယ်၊ အခက်အခဲရှိပါတယ်။ ဆရာဝန် အလုပ်ခက်သလို၊ ကျောင်းဆရာ အလုပ်လည်း ခက်ပါတယ်။ ဈေးရောင်းတဲ့အလုပ်ခက်သလို ကားမောင်းတဲ့အလုပ်လည်း ခက်ပါ တယ်။ ကားမောင်းတဲ့ အလုပ်က စိတ်ရှည်ဖို့ တော်တော်လိုပါတယ်။ ဆရာဝန်အလုပ်လည်းစိတ်ရှည်ဖို့လိုပါတယ်။ လူနာရဲ့ အသက်ကို လုနေရတဲ့ အခါမျိုးမှာ သေးမင်းနဲ့ရင်ဆိုင်တိုက်ပွဲလိုဖြစ်နေတဲ့အခါမှာ တော်တော်ပင်ပန်းပါတယ်။ လူနာက အားကိုး တကြီးနဲ့ကြည့်တဲ့ မျက်လုံးရဲ့အဓိပ္ပါယ်ဟာ ဆရာဝန်တွေရဲ့ စိတ်မှာ ပြင်းထန်တဲ့ ကရုဏာကို ဖြစ်စေတယ်။ ကျောင်းဆရာ၊ ဆရာမတွေကလည်း စိတ်ရှည်ဖို့လိုပါတယ်။ စာမေးပွဲကျတဲ့ကျောင်းသားရဲ့ စိတ်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့သလို ဖြစ်သွားတာဟာ တော်တော် သနားစရာကောင်းပါတယ်။ ကိုယ့်တပည့်လေးအောင်ပါ့မလားဆိုပြီး ဆရာတွေ ဆရာမတွေ သောကဖြစ်ရတယ်။ မိဘတွေ ဆင်းဆင်းရဲရဲနဲ့ သားသမီးကို ပညာတတ်စေချင်လို့ ကျောင်းထားတယ်။ စားမေးပွဲကျရင် ဆက်ထားဖို့ မလွယ်တော့ဘူး။
• လူများများနဲ့ ဆက်ဆံရတဲ့အလုပ်တွေက ဆက်ဆံရေးအခက်အခဲ အမြဲရှိပါတယ်။ လူတိုင်းကိုစိတ်ကျေနပ်အောင်ဘယ်သူမှ လုပ်မပေး နိုင်ဘူး။ မကျေနပ်တဲ့သူက အပြစ်တင်မယ်၊ မကောင်းပြောမယ်။ အဲဒီအခါ စိတ်တိုမယ်၊ ဒေါသဖြစ်မယ်၊ စိတ်ဓါတ်ကျမယ်။ ဒါကြောင့် ကိုယ့်အလုပ်နဲ့ ပတ်သက်ပြီး ဖြစ်နိုင်တဲ့အခက်အခဲတွေကို ကြိုတင်ပြီး တွေးထားပြီးတော့ ဒီအခက်အခဲမျိုးကတော့ တွေ့ရမှာသေချာတယ်၊ ဒီလိုအပြောမျိုးတော့ ခံရမှာသေချာတယ်၊ ဒါကြောင့် အခက်အခဲနဲ့ တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါ စိတ်မပျက်ဘူး၊ စိတ်မညစ်ဘူ။ စိတ်ရှည်ရှည်ထားမယ်လို့မကြာခဏ နှလုံးသွင်းပါ။ လူတွေပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ။ သူတို့ကိုနားလည်ဖို့ကြိုးစားပါ။ ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့၊ ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာက ကိုယ့်ကိုအကျိုးပေးမှာပါပဲ။ ပြဿနာ တော်တော်များများဟာ ဆက်ဆံရေးအဆင်မပြေလို့ ဖြစ်ရတာပါ။ တစ်ယောက် ပြောချင်တာကို တစ်ယောက်ဆုံးအောင် နားမထောင်ရင် တစ်ယောက်ကို တစ်ယောက် နားလည်မှာမဟုတ်ဘူး။ တစ်ယောက် စကားကို တစ်ယောက် အဓိပ္ပါယ်မှန်အောင် မကောက်နိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ်။ ဒါကြောင့် ဆက်ဆံရေး အဆင်ပြေချင်ရင် တဖက်သား ပြောချင်နေတာကို ဂရုတစိုက် နားထောင်ပါ။ သူ့စိတ်ထဲမှာ ပြောချင်နေတာကို ပြောခွင့်ပေးပါ။ အထူးသဖြင့် အရေးကြီးတဲ့ ကိစ္စပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့ ပိုပြီးအရေးကြီးတယ်။ သူပြောချင်နေတာကို ပြည့်ပြည့်စုံစုံ ပြောနိုင်အောင် သူ့ကို မေးခွန်းတွေမေးပြီး ရှင်းခိုင်းပါ။ သူ့အခက်အခဲကို ကိုယ်က ကိုချင်စာပါတယ် ဆိုတာကို သူသိအောင်ပြောပါ။ တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်ကူညီပြီးနေသွားရတာ ကျေနပ်စရာ သိပ်ကောင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တစ်ကယ် နားလည်မှု ရသွားရင် စိတ်သက်သာမှုရတယ်။ ကိုယ့်ဘ၀မှာ အရေးပါတဲ့သူရဲ့ အထင်လွဲမှုကို ခံရတာ စိတ်ဆင်းရဲစရာ သိပ်ကောင်းတယ်။
ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အထင်လွဲနေရင် လေးလေးစားစားဆွေးနွေးပါ။ လောကီအတွက်ပါ အကြိုးပေးတဲ့ ဆုံးမသြ၀ါဒပါ။ ၀ိပဿနာတရားတွေကို အမြဲရှုပွားနေနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဆရာတော်ရဲ့ သြ၀ါဒက ချက်ချင်းစိတ်ကို ငြိမ်းချမ်းစေနိုင်ပါတယ်။ စိတ်ကလေး ကြည်လင်နေတဲ့အခါ ခန္ဓာဉာဏ်ရောက် တရားများကို အားစိုက်နာကြည့်လိုက်ပါ။ ဒါမမဟုတ် ၀ိပဿနာတရားအားထုတ်ကြည့်ပါ။ အင်မတန်ကို ချမ်းသာသုခ ရနေတဲ့အချိန်ပါ။ ဓမ္မမိတ်ဆွေများလည်း ဆရာတော် ပြောပြဆုံးမသည့်အတိုင်း လိုက်နာကျင့်သုံးနိုင်ပါစေ။ ဘ၀မှာ စိတ်အချမ်းသာ ဆုံးနေနိုင်ကြပါစေ။
သူတပါးကို
ကိုယ်က ဝေဖန်အကဲဖြတ်ရသည်မှာ လွယ်သည်။ သို့ရာတွင် ကိုယ့်ကိုယ်ကိုယ် ဝေဖန်စိစ်ရသည့်အခါ
ညှာတာခွင့်လွတ်တတ်ခြင်း၊ ဘက်လိုက်တတ်ခြင်း၊ အထင်ကြီးတတ်ခြင်း၊ လက်တွန့်တတ်ခြင်း၊ စသည်တို့ကြောင့်
မှန်ကန်ပြတ်သားခြင်း မရှိတတ်ပေ။ ထိုသို့ဖြစ်တတ်သောကြောင့် ပြုပြင် ရာတွင်လည်း မထိရောက်၊
အမှန်မရောက်ဘဲ ရှိတတ်ပေသည်။
သို့ရာတွင် သူတပါးကို ဝေဖန်သည့်အခါ အပြစ်ကို ကွက်ကွက်ကွင်းကွင်း မြင်ရတတ်သည်။ ထို့ကြောင့် မိမိကိုယ်ကို အကဲဖြတ်ရာတွင် အမှတ်ပေးစနစ်ကို အသုံးပြုရန် လိုသည်။ ယခုအခါ အလှမယ်ရွေးပွဲ၊ လက်ဝှေ့ ပြိုင်ပွဲ၊ လူရွေးပွဲ၊ စာပေပြိုင်ပွဲ စသည်တို့တွင် အကဲဖြတ်များထား၍ ထိုအကဲဖြတ်များက ကောင်းခြင်း၊ စိတ်ကျေနပ်မှုရခြင်းတို့ကို သီးခြားအမှတ်ပေး၍ ဆန္ဒပြုကြရပေသည်။ အမှတ်ပေးရန် စံများကိုလည်း ဦးစွာ ညှိနှိုင်းရေးဆွဲ၍ ထိုစံအတိုင်း အကဲဖြတ် အမှတ်ပေးလေ့ ရှိကြသည်။
ထိုနည်းတူ မိမိကိုယ်ကို မိမိ စိစစ်အမှတ်ပေးရန်အတွက် စံများ သို့မဟုတ်-ကောင်းခြင်းလက္ခဏာများကို သတ်မှတ်ရွေးချယ်၍ ထိုအချက်များပေါ်တွင် အမှတ်ပေးကြည့်လျှင် ပို၍တိကျစွာ သိရှိအကဲဖြတ်နိုင်မည် ဖြစ်ပေသည်။ သို့ရာတွင် အမှန်အကန် အမှတ်ပေးရန်ကား လိုမည်ဖြစ်ပေသည်။
မိမိကုယ်ကိုယ်နှင့်ပတ်သက်၍ စိစစ်သုံးသပ်ရန် အချက်များကို အောက်ပါအတိုင်း သတ်မှတ်ကြည့်ပြီး အမှတ်ပေးကြပါစို့။ သင့်ကိုယ်သင် အမှတ်ပေး၇န်ပင် ဖြစ်သည်။ အကဲဖြတ်ရန် စံများမျာ အောက်ပါအတိုင်း ဖြစ်ပေသည်။
၁။ သင်သည် နံနက်စောစော ထတတ်သူလော
၂။ နေ့စဉ် သင့်အလုပ်ကို အစီအစဉ်ဆွဲ၍ လုပ်ကိုင်ပါသလော
၃။ အလုပ်ကို တခြားအရာများထက် ဦးစားပေးပါသလော
၎။ အလုပ်လုပ်ရမည်ဆိုလျှင် ချက်ချင်း စိတ်တက်ကြွမှု ရှိပါသလော
၅။ အလုပ်ကို ဆိုင်းတွ၍မရ၊ မလွှဲမရှောင်သာမှ လုပ်တတ်ပါသလော
၆။ အလုပ်မှန်က ငွေရသည့်အလုပ်ကိုသာ လုပ်လိုပါသလော
၇။ သင့်မှာ ဇွဲလုံ့လ ရှိပါသလော
၈။ မိမိလုပ်ရမည့်အလုပ်ကို စိတ်ပါဝင်စားအောင် ကြိုးစားစိတ်သွင်းပါသလော
၉။ သင့်မှာ မကောင်းတတ်၍ လုပ်ရသောအလုပ်မျိုး ရှိပါသလော
၁၀။ သင်လုပ်မည့်အလုပ်အတွက် အကျိုးအပြစ်ကို ကြိုတင်တွက်ဆမိပါသလော
၁၁။ သင် အချိန်ကို အလေးထားပါသလော
၁၂။ ဘာမှမလုပ်လိုက်ရဘဲ ကုန်ဆုံးသွားသောအချိန်မျိုး ရှိပါသလော
၁၃။ သင် တနေ့၊ တလ ကုန်တိုင်း ဘာလုပ်ခဲ့သည်၊ ဘာဖြစ်လာသည်ကို စိစစ်ဖူးပါသလော
၁၄။ သင် စေးနှဲခြင်းနှင့် ချွေတာခြင်းကို ခွဲခြားနားလည်ပါသလော
၁၅။ သင် ချွေတာမိသည့်အတွက် စိတ်မကောင်း ဖြစ်မိပါသလော
၁၆။ သင် မသုံးစွဲသင့်သော နေရာတွင် မသုံးဘဲ နေနိုင်ပါသလော
၁၇။ သင် ပိုက်ဆံတပြားမှ မကုန်ကျသောနေ့ ရှိဖူးပါသလော
၁၈။ သင်၏အိမ်ထောင်အတွက် ရသုံးငွေစာရင်း ထားရှိပါသလော
၁၉။ သင် ဝယ်ယူထားသည့် ပစ္စည်းကို သုံးမရသည်အထိ အသုံးပြုပါသလော
၂၀။ အရာရာကိုမြင်လျှင် လိုချင်တပ်မက်မှု ရှိပါသလော
၂၁။ သင်၏အလိုကို ဖျောက်ဖျက်၊ ချုပ်တီး၍ရခဲ့သော အတွေ့အကြုံ ရှိပါသလော
၂၂။ သင့်မှာ မိတ်ဆွေကောင်းဟု သတ်မှတ်နိုင်သူ ရှိပါသလော
၂၃။ သင့်မိတ်ဆွေကို အမှတ်တရ ကူညီဖူးပါသလော
၂၄။ သင် တခြားသူကို အကူအညီမတောင်းဘဲ နေဖူးပါသလော
၂၅။ သင့်မှာ ကိုယ်ချင်းစာမှု၊ စာနာမှု ရှိပါသလော
၂၆။ သင် သူတပါးကို အပြစ်တင်ဖူးပါသလော
၂၇။ သင့်ကိုသင်ရော အပြစ်တင်မိပါသလော
၂၈။ သင့်စိတ်ထဲက နောင်တရမိပါသလော
၂၉။ သင့်ကိုသင် ငါမှာသွားပြီဟု သတိရဖူးပါသလော
၃၀။ သင့်မှာ ရောင်ရဲမှု ရှိပါသလော
၃၁။ သင် သည်းခံတတ်သူဖြစ်ပါသလော
၃၂။ သင် ရုတ်တရက် ဒေါသထွက်တတ်ပါသလော
၃၃။ သူတပါး ဝတ်စားနေသည်ကို မနာလို ဖြစ်မိပါသလော
၃၄။ သင် ရန်ငြိုးထားသောသူ ရှိပါသလော
၃၅။ သင် သူတပါးကို သင်္ကာမကင်း ဖြစ်မိပါသလော
၃၆။ သင် ယုံမှတ်မှုကြောင့် အကျိုးယုတ်ခဲ့ဖူးပါသလော
၃၇။ သင် မယုံကြည်မီ စဉ်းစားဝေဖန်ခဲ့ဖူးပါသလော
၃၈။ သင့်ကို လူတိုင်း ယုံကြည်ကြမည်ဟု မှတ်ထင်ပါသလော
၃၉။ အရာရာတွင် သင်မှန်သည်ဟု မျက်စိမှိတ် ယုံကြည်ပါသလော
၄၀။ သူတပါး အပြစ်ထောက်ပြလျှင် စိတ်ဆိုးတတ်ပါသလော
၄၁။ သင် ချီးမွမ်းခံချင်ပါသလော
၄၂။ သင် အမြှောက်ကြိုက်ပါသလော
၄၃။ သင် စိတ်တိုတတ်ပါသလော
၄၄။ သူတပါး အကူအညီမပေးလျှင် စိတ်နာကြည်းတတ်ပါသလော
၄၅။ သင် စိတ်ဓာတ်ကျဖူးပါသလော
၄၆။ လူတိုင်းကို သင့်အလိုကျ ဖြစ်စေပါသလော
၄၇။ လောကတွင် ဖြစ်နိုင်သောအရာ၊ မဖြစ်နိုင်သောအရာကို သိနားလည်ပါသလော
၄၈။ သင့်ကို ဘယ်နေရာတွင် အပြစ်တင်ကြသည်ကို သိပါသလော
၄၉။ သင် ရက်ချိန်းကတိ တည်ပါသလော
၅၀။ သင် ကြွေးထူဖူးပါသလော
၅၁။ သင်ကိုယ်တိုင် မတတ်နိုင်သည့်အခါမှ အကူအညီတောင်းပါသလော
၅၂။ သူတပါးထံမှ အလကားရဖို့ကိုသာ မျှော်လင့်မိပါသလော
၅၃။ သင့်မှာ မဟုတ်မခံစိတ် ရှိပါသလော
၅၄။ သင် သူတပါးကို မျက်စိမှိတ်၍ အပြစ်တင်တတ်ပါသလော
၅၅။ သင် စိတ်ကူးထုတ်ဖူးပါသလော
၅၆။ သင် သူတပါးကို ဝေဖန်တတ်ပါသလော
၅၇။ သငက် သူတပါးကို အကြံပေးရန် ဝါသနာပါသလော
၅၈။ သင့်ဝါသနာလုပ်ငန်းမှ ဝင်ငွေရရှိဖူးပါသလော
၅၉။ သင် သူများတကာထက် ထူးချွန်လိုစိတ် ရှိပါသလော
၆၀။ သင့်မှာ သူတပါးထက်သာသည့် အရည်အသွေးရှိသည်ဟု ထင်မြင်ပါသလော
၆၁။ သင် ပတ်ဝန်းကျင်နှင့် သင့်တင့်ပါသလော
၆၂။ သင် သူတပါးကို ထိထိရောက်ရောက် ကူညီဖူးပါသလော
၆၃။ သင့်ကို ကျေးဇူးမတင်၍ စိတ်ကွက်ဖူးပါသလော
၆၄။ သင့်ကျန်းမာရေးကို သင် ဂရုစိုက်ပါသလော
၆၅။ သင့်အစားအစာတွင် အာဟာရဓာတ် ပါ-မပါ စိစစ်ကြည့်ဖူးပါသလော
၆၆။ သင် နာမကျန်းဖြစ်လျှင် ဆေးဖိုးနှမြောတတ်ပါသလော
၆၇။ သင် ကျန်းမာရေးလေ့ကျင့်ခန်း တခုခု ပြုလုပ်ဖူးပါသလော
၆၈။ သင် မတည့်သောအစာကို ငန်းငန်းတက် မက်မောပါသလော
၆၉။ သင် ဆေးလိပ်၊ အရက် သောက်ပါသလော
၇၀။ သင်၏ဝင်ငွေကို အလဟဿ ဖြုန်းတီးဖူးပါသလော
၇၁။ သင် မလုပ်ရရင် မနေနိုင်လောက်အောင် စွဲနေသည့် ဆန္ဒ တခုခုရှိပါသလော
၇၂။ သင် စာဖတ်ဝါသနာပါသလော
၇၃။ သင် စာအုပ်ကောင်းကို ခွမြင်တတ်သောအကျင့် ရှိပါသလော
၇၄။ သင့်မိသားစုကို ဒုက္ခပေးဖူးပါသလော
၇၅။ သင် လူတော်လူကောင်းအဖြစ် ဂုဏ်ယူလိုပါသလော
၇၆။ သင် ဘာသာတခုခုကို ယုံယုံကြည်ကြည် ကိုးကွယ်ပါသလော
၇၇။ သင် ယုံကြည်မှုမရှိဘဲ လုပ်ကိုင်နေဖူးပါသလော
၇၈။ သင်၏စာရိတ္တကို တန်ဖိုးထားပါသလော
၇၉။ သင် လူမသိသောပြစ်မှု တခုခု ကျူးလွန်ဖူးပါသလော
၈၀။ သင် အမှားကို ဝန်ခံရန် ဝန်လေးပါသလော
၈၁။ သင် မသိပါဟု အမှန်ကို ပြောရဲပါသလော
၈၂။ သင် မကောင်းမှုပြုလုပ်ရန် ဝန်လေးပါသလော
၈၃။ သူတပါး စိတ်မချမ်းသာအောင် သင်လုပ်ဖူးပါသလော
၈၄။ သင် သူတပါးကို ကောင်းရာကောင်းကြောင်း တိုက်တွန်းခဲ့ဖူးပါသလော
၈၅။ သင့်မှာ စွဲပိုက်လိုက်နာသော ဆောင်ပုဒ်ရှိပါသလော
၈၆။ သင် ကောင်းမှုတွင် ဝါသနာပါသလော
၈၇။ သင် သူတပါးကို မကောင်းကြံခဲ့ဖူးပါသလော
၈၈။ သင် စံနမူနာယူသော ပုဂ္ဂိုလ်တဦးတယောက် ရှိပါသလော
၈၉။ သင် မိုက်မှား၍ ဆုံးမသည်ကို လိုလိုချင်ချင် လက်ခံတတ်ပါသလော
၉၀။ သင့်ကိုယ်သင် အပြစ်ရှာကြံ တင်ဖူးပါသလော
၉၁။ သင် ဗဟုသုတ ရှာဖွေဆည်းပူးပါသလော
၉၂။ သင် သူတပါးကို ဆရာတင်ရသည်ကို ဂုဏ်ငယ်သည်ဟု မှတ်ယူပါသလော
၉၃။ သင် မဆင်မခြင် အားတနာတတ်ပါသလော
၉၄။ သင် ဆတ်ဆတ်ထိမခံ စိတ်တိုတတ်ပါသလော
၉၅။ ဘဝပန်းတိုင် ဦးတည်ချက် ရှိပါသလော
၉၆။ သင် နေ့တိုင်း အကျိုးအမြတ် တခုခုရအောင် ကြံဆောင်ပါသလော
၉၇။ သင် မဆင်ခြင်ဘဲ သူတပါးကို အတုယူတတ်ပါသလော
၉၈။ သင် ဖြီးဖြန်းည“လိမ်ညာတတ်ပါသလောဒ
၉၉။ သင် သတိမေ့လျော့တတ်ပါသလော
၁၀၀။ သင့်ရည်မှန်းချက်များကို ဆောင်ရွက်ပြီးပြီလော
မေးစရာမေးခွန်းများကား များပြားလှပေသည်။ ဤမေးခွန်းများကို ပရိသတ်အလယ်တွင် ဖြေနိုင်သည်လည်း ရှိမည်၊ မည်သူမျှ မကြားအောင် ကိုယ့်စိတ်ထဲက ကိုယ်တယောက်တည်းသာသိအောင် ဖြေလိုသည်မျာလည်း ရှိမည်။ အမှန်ကို မဖြေဆိုရဲသည်လည်း ရှိမည်။ အမှန်ကို မဖြေဆိုရဲသည်လည်း ရှိမည်။ သင့်ကိုယ်သင် စစ်တမ်းထုတ်ခြင်းဖြစ်၍ ရဲရဲရင့်ရင့် ဖြေဆိုသင့်ပေသည်။
တချို့မေးခွန်းကို ဟုတ်ကဲ့-ဟူ၍၄င်း၊ တချို့မေးခွန်းကို ဟင့်အင်ဒ-ဟူ၍၄င်း၊ ဖြေဆိုရပေလိမ့်မည်။ မည်သည့်အဖြေသည် လိုလားဖွယ်ဖြစ်သည်ကိုလည်း သင်သိရှိထားရပေမည်။ လိုလားဖွယ်၊ အကျိုးရှိဖွယ်ကို သင်ခွဲခြားနိုင်ပေမည်။ ဤမေးခွန်းများကို ဟုတ်တိုင်းမှန်ရာ ဖြေကြည့်ပြီးသောအခါ အော်---ငါ့မှာ ဘာတွေ ချွတ်ယွင်းနေပါကလား၊ ဘယ်နေရာမှာ ပြည့်စုံပြီး၊ ဘယ်နေရာမှာ ချို့တဲ့နေပါကလား၊ ငါ ဘယ်လောက်ပြုပြင် ဖြည့်ဆည်းဖို့ လိုနေပါသေးသလဲ-ဟု ကွက်ကွက်ကွင်းကွင်း သိမြင်လာမည် ဖြစ်ပေသည်။
မလိုအပ်သော ပြစ်ချက်များရှိနေမည်ဆိုလျှင် ရှောင်ရှားရန် ကြိုးစားရပေလိမ့်မည်။ ငါ လူကောင်းလား၊ လူညံ့လား၊ လူယုတ်မာလား၊ သူတော်ကောင်းလား၊ ဆိုသည်ကို အမှုမဲ့ အမှတ်မဲ့နေ၍ မသိနိုင်ပေ။ သေသေချာချာ မေးခွန်းထုတ်၍ အမှန်ကို ကြိုးစားအဖြေထုတ်ကြည့်မှ ရုပ်လုံးပေါ် သိမြင်လာပေမည်။ ငါ ဘာတွေတော်သည်၊ ဘာတွေ ရှော်သည်၊ ဘာတွေ ကောင်းသည်၊ ဘာတွေ ဆိုးသည်-တို့ကို ကွဲကွဲပြားပြား သိရပေမည်။ သာမန်အားဖြင့် စဉ်းစားလျှင် ငါ ကောင်းသားပဲ၊ ငါ အဆိုးကြီး မဟုတ်ပါဘူး-ဟု ထင်မှတ်မိမည်သာ ဖြစ်ပေသည်။
အလွန်ကျန်းမာနေသည်ဟု ထင်ရသောလူတယောက်ကို ဆေးစစ်ကြည့်သောအခါတွင် ဆီးတွင် ယူရစ်အက်ဆစ်များနေသည်၊ သွေးခုန်နှုန်း မြင့်နေသည်၊ နှလု့းသွေးကြော ကျဉ်းနေသည်၊ အရိုးခြင်ဆီဓာတ် ခန်းခြောက်နေသည်၊ မျက်စိ မှုန်ဝါးနေသည်၊ နားအကြားအာရုံ နည်းနေသည်၊ အသည်းတွင် အဆီဖုံးနေသည်၊ နံရိုးတချောင်း အက်နေသည် စသည်ဖြင့် အပြစ်အနာအဆာများကို တန်းစီတွေ့မြင်ရတော့ သည်။ အိပ်ရာထဲ လဲနေလောက်အောင် ထူးထူးထွေထွေ ခံစားမှုဝေဒနာ မပေါ်သေးသော်လည်း ပေါ့ပေါ့ဆဆ မပြုပြင် မကုသဘဲ နေခဲ့သော် မရှုမလှခံစားရမည့် အလားအလာရှိနေပြီဟု ဆိုရတော့မည် ဖြစ်ပေသည်။
လူတရာလျှင် ၉၉-ယောက်က ကျွန်တော် လူတော်၊ လူကောင်း၊-ဟု မိမိကိုယ်ကို မိမိ သိနားလည် မှတ်ယူနေမည်သာ ဖြစ်ပေသည်။ သေသေချာချာ စစ်တမ်းထုတ်ကြည့်လျှင် သူလိုငါလို အပြစ်အနာအဆာကလေးမျှမက မချို့တဲ့သင့်သော အချက်များ ချို့တဲ့ပြီး၊ မဖြစ်ပွားသင့်သော အရာများ ဖြစ်ပွားနေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ရမည် ဖြစ်ပေသည်။ ထိုအခါမှ ကျွန်တော် ခြောက်ပစ်ကင်း သဲလဲစင်တော့ မဟုတ်ဘူး-ဟူ၍ မှတ်ချက်ချမိပေမည်။
ဥပမာ-လုံ့လဝီရိယ မရှိခြင်း၊ မိမိကိုယ်ကိုမိမိ ထင်တလုံးနှင့် ကျေနပ်နေခြင်း၊ ဘယ်အခါမျှ နောင်တ မရတတ်ခြင်း၊ စသည့် ချို့တဲ့ချက်များက လူတလုံး သူတလုံး ဖြစ်ထွန်းရေးကို အမြစ်မှ လှန်ချိုးပစ်မည့် အပြစ်များဖြစ်၍ မည်သည့်နည်းနှင့်မျှ လူကောင်းဖြစ်မလာနိုင်ပေ။ ပြစ်မှုတရာရှိနေမှ အပြစ်ရှိသူ မဟုတ်ပေ၊ အားလုံးသော မေးခွန်းများကို ချွင်းချွက်မရှိ မလိုလားအပ်သည့် အဖြေမျိုးချည်း ပေးနေမည်ဆိုပါက လူ့လောကတွင်ပင် အသက်ရှင် နေထိုက်တော့မည် မဟုတ်ပေ။
အများအားဖြင့် လူများသည် အလုံးစုံ အဆိုးချည်း ဖြစ်မည်မဟုတ်ပေ၊ အမေးရှိမှ အဖြေရီသည်ဖြစ်၍ ဖြေကြည့်မှလည်း အဖြေကို သိရလိမ့်မည် ဖြစ်ပေသည်။
ငါ့ကိုယ်ငါ ဟုတ်လှပြီ ထင်နေတာ၊ စိစစ်ကြည့်တော့မှ မဟုတ်သေးတာကို တွေ့လာရတယ်-ဟူ၍ စဉ်းစားမိနိုင်ပေသည်။ ရာနှုန်းပြည့် လူတော်လူကောင်း မဖြစ်ခဲ့သည့်အတွက် စိတ်ပျက်စရာ မလိုပေ။ ယခု စိစစ်ကြည့်၍ ပြုပြင်သင့်သည်ကို ပြုပြင်ရမည်ဖြစ်သည်။ မနေ့က ငါ လူညံ့ဖြစ်ခဲ့ပြီ၊ နက်ဖြန်တွင် လူတော်ဖြစ်ရမည်-ဟူသော စိတ်မျိုးထား၍ ပြုပြင်ဖြည့်ဆည်းရမည် ဖြစ်ပေသည်။

No comments:
Post a Comment