Amara

Saturday, November 24, 2012

ဘ၀ ဒဿန အပိုင်းအစ များ








ဒီဓာတ်ပုံဟာ ဟားဗတ်တက္ကသိုလ် စာကြည့်တိုက်ရဲ့ နံနက် ၄ နာရီ ပါ။ တော်တော်လေးကောင်းလို့ ဘာသာပြန်ပေး လိုက်တာပါ။ အောင်မြင်မှုရရှိခဲ့သူတွေရဲ့နောက်ကွယ်မှာ ဘယ်လောက်ထိ ကြိုးစားအားထုတ်ခဲ့ရတာရှိသလဲဆိုတာကို ဒါလေးကသက်သေ ပြနေပါတယ်။ ဟားဗတ်တက္ကသိုလ်ကဆရာတွေ ပြောပြလေ့ရှိတာကတော့ သင်ဘ၀မှာစိတ်တိုင်းကျဖို့နဲ့ ကောင်းတဲ့ဝေဖန်မှုရချင်ရင်တော့ ဟားဗတ်တက္ကသိုလ်မှာ ပညာသင်နေတဲ့အချိန်နေရောင်နဲ့ ထိတွေ့ဖို့အချိန်မရှိဘူး။
ကမ္ဘာ့ထိပ်ဆုံးကျောင်းတစ်ကျောင်းအနေနဲ့ ဟားဗတ်က နာမည်ကြီးပုဂ္ဂိုလ်တွေ အများကြီးမွေးထုတ်ပေးခဲ့တယ်။ အဲ့ထဲမှာ နိုဘယ်လ်ဆုရှင် ၃၃ဦး၊ အမေရိကန်သမ္မတ ၇ဦး နဲ့ နယ်ပယ်အသီးသီးက ထူးချွန်ထက်မြတ်သူတွေပါတယ်။ ဘာကြောင့် ဟားဗတ်ဟာ သူတို့ရဲ. မွေးရပ်ဇာတိဖြစ်နေတာလဲ။ ဟားဗတ်ကျောင်းသားတွေဟာ ဘယ်လို စိတ်ဓာတ် နဲ.တွေးခေါ်မှုတွေကိုရရှိခဲ့ ကြတာလဲ။ ဒီအဖြေကိုလူပေါင်းများစွာ လိုက်ရှာနေကြတယ်။

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံမှာ ရေးထားတဲ့ ဆုံးမစာလေးကတော့ အဖြေပေးပါလိမ့်မယ်။ တိုတောင်းတဲ့ စာသားလေးတွေဟာ လေးနက်တဲ့တွေးခေါ်မှု တွေပေးပြီး စိတ်ဓာတ်တက်ကြွစေတယ်။

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀ ဆုံးမစာကတော့…
၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။
၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။
၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
၎) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။
၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။
၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။
လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။
၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။
၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။
၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။
၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။
၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။
၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။
၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။
၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။
၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။


******************************************************************************************************




( ဆင်းရဲသား တစ်ယောက်က လိမ္မော်သီး သုံးလုံး ၀ယ်လာတယ် ။

ပထမ တစ်လုံးကို အခွံခွါလိုက်တဲ့ အခါမှာ ပုပ်နေလို့ ပစ်လိုက်တယ် ။

ဒုတိယ တစ်လုံးကို အခွံခွါတဲ့ အခါမှာ လည်း ပုပ်နေလို့ ပစ်လိုက်ရတယ် ။


တတိယ တစ်လုံးမှာ ကျတော့ မီးကို အရင် မှိတ်လိုက်တယ် ။

ပြီးနောက် အခွံခွါပြီး စားလိုက်လေတယ် ။ )

(( တခါတရံမှာ တော့ အခြေအနေအရ မသိချင်ယောင်ဆောင် လိုက် ရတာတွေ ရှိကြပါတယ် ။ ))



***************************************************************************************************

အောင်မြင်သူနဲ့ ရှုံးနိမ်သူ

(၁) အောင်မြင်သူက ကိုယ့်ကိုယ် အရင်ပြောင်းလဲဖို့သိတယ်။

ကျရှုံးသူက လောကကြီးကိုပဲ ပြောင်းလဲချင်ခဲ့တယ်။
(၂) အောင်မြင်သူက အောင်မြင်ဖို့ နည်းလမ်းရှာတယ်။

ကျရှုံးသူက ကျရှုံးမှုအတွက် ဆင်ခြေရှာတယ်။

(၃) အောင်မြင်သူက အခက်အခဲတစ်ခါကြုံတိုင်း အခွင့်အရေးတစ်ခုကိုတွေ့ တယ်။

ကျရှုံးသူက အခွင့်အရေးတိုင်းမှာ အခက်အခဲကို အရင်တွေ့တယ်။

(၄)အောင်မြင်သူက ဒုက္ခအခက်အခဲကြုံချိန် တခြားသူလက်လျော့နောက် ဆုတ်သွားသည့်တိုင် ကိုယ့်ရည်ရွယ်ချက်ပန်းတိုင်ကိုအရောက်လှမ်းဖို့ ဆုံးဖြတ်ချက်ချနိုင်သူဖြစ်တယ်။

ကျရှုံးသူက ဒုက္ခအခက်အခဲမရှိလည်း ဦးတည်ရာပျောက်နေသူဖြစ်တယ်။

(၅)အောင်မြင်သူက လောကကြီးမှာ မျှော်လင့်ချက်ကင်းစေတဲ့အရာဆိုတာ မရှိဘဲမျှော်လင့်ချက်မဲ့တဲ့လူပဲ ရှိတယ်ဆိုတာကို သိသူဖြစ်တယ်။

ကျရှုံးသူက အရာတိုင်းကို မျှော်လင့်ချက်မဲ့နေသူဖြစ်တယ်။

(၆)အောင်မြင်သူက တစ်ပါးသူရဲ့ရှုထောင့်ကနေ ကိစ္စရပ်ကိုကြည့်တယ်။ တစ်ပါးသူရဲ့ခံစားချက်ကို နားလည်အောင်လုပ်တယ်။

ကျရှုံးသူက ကိုယ်ကျိုးအတွက်ပဲ စိုးရိမ်ပူပန်တတ်သူဖြစ်တယ်။

(၇) အောင်မြင်သူက အကျင့်သီလကို ပထမ၊ ကြွယ်ဝချမ်းသာမှုကို ဒုတိ ယနေရာထားသူဖြစ်တယ်။

ကျရှုံးသူက ဆန့်ကျင်စွာနဲ့ ကြွယ်ဝချမ်းသာမှုနောက်လိုက်ပြီး အကျင့်သီလကို
နောက်ချန်ထားသူဖြစ်တယ်။

(၈)အောင်မြင်သူ အောင်မြင်ရခြင်းက ကိုယ်အောင်မြင်မယ်ဆိုတာကို ယုံကြည်ထားလို့ဖြစ်တယ်။

ကျရှုံးသူ ရှုံးနိမ့်ရခြင်းက ကိုယ်အောင်မြင်မယ်လို့ မယုံကြည်ရဲသူဖြစ်တယ်။

(၉)အောင်မြင်သူက စိတ်ထိခိုက်ဝမ်းနည်းစရာနဲ့ ကြုံတဲ့အခါကိုယ့်ကိုသင်ယူ စရာ၊ လုပ်စရာတွေနဲ့ သိမ်းကျုံးလုပ်နေတတ်တယ်။

ကျရှုံးသူက စိတ်ထိခိုက်ဝမ်းနည်းစရာနဲ့ ကြုံတဲ့အခါ သက်ပြင်းအခါခါချပြီး
အဲဒီခံစားချက်ထဲမှာပဲ ရုန်းမရအောင် နစ်ဝင်နေတတ်တယ်။

(၁ဝ) အောင်မြင်သူက လုပ်စရာရှိတာကို ချက်ချင်းထလုပ်တတ်သူဖြစ်တယ်။

ကျရှုံးသူက လွယ်ကူတဲ့ကိစ္စကိုတောင် အချိန်ဆွဲပြီး လုပ်တတ်သူဖြစ်တယ်။

(၁၁)အောင်မြင်သူက ကိုယ့်ထက်တော်သူ၊ ထက်မြက်သူကို လေးစားအား ကျပြီးသူတို့ရဲ့ကောင်းကွက်ကို ကြိုးစားသင်ယူလေ့ရှိတယ်။

ကျရှုံးသူက ကိုယ့်ထက်တော်သူ၊ ထက်မြတ်သူ ကို မနာလိုမုန်းတီးပြီး
သူတို့ရဲ့ဆိုးကွက်ကိုပဲ ရှာနေတတ်တယ်။

(၁၂)အောင်မြင်သူရဲ့ စိတ်ထိခိုက်၊ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အရာတွေ ကပြင်ပလောက,က လာတာဖြစ်တယ်။

ကျရှုံးသူရဲ့ စိတ်ထိခိုက်၊ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေကသူတို့ အတွင်းစိတ်ထဲက လာတာဖြစ်တယ်။

(၁၃) အောင်မြင်သူက အမြင့်ကိုတက်လှမ်းနိုင်ဖို့ အာသီသပြင်းထန်တယ်။

ကျရှုံးသူက ကြံ့ကြံ့ခံနိုင်ဖို့ အာသီသမရှိဘူး။

(၁၄) အောင်မြင်သူအတွက် အဖိုးတန်ဆုံးအရင်းအနှီး က မျှော်လင့်ချက်ဖြစ် တယ်။

ကျရှုံးသူအတွက် အကြီးမားဆုံးမွဲတေမှုက မျှော်လင့်ချက်မဲ့တာပဲဖြစ်တယ်။

(၁၅) အောင်မြင်သူက အခွင့်အရေးကို ဖန်တီးတယ်။

ကျရှုံးသူက အခွင့်အရေးကို စောင့်တယ်။

(၁၆) အောင်မြင်သူက ယုံကြည်မှုတွေကို မပြတ်မွေးမြူတယ်။

ကျရှုံးသူက ယုံကြည်မှုဆိုတာ မွေးရာပါဗီဇလို့ ယုံသူဖြစ်တယ်။

(၁၇)အောင်မြင်သူက ရှည်လျားတဲ့လမ်းတွေကို တစ်လမ်းချင်းနဲ့ အဆုံးထိ
လျှောက်နိုင်မယ်ဆိုတာကို ယုံကြည်ထားသူဖြစ်တယ်။

ကျရှုံးသူက တိုတောင်းတဲ့လမ်းဖြစ်လည်း ရှေ့ခြေတစ်လှမ်းမတိုးရင်
အဆုံးထိလျှောက်နိုင်မှာ မဟုတ်ဘူးဆိုတာကို မသိသူဖြစ်တယ်။

(၁၈) အောင်မြင်သူက အလုပ်မလုပ်ခင် အရင်တွေးတောကြံစည်တယ်။

ကျရှုံးသူက အလုပ်မလုပ်ခင် တွေဝေပြီး အလုပ်ပြီးချိန် နောင်တရတတ် သူဖြစ်တယ်။

(၁၉) အောင်မြင်သူက ခရီးလမ်းမှာ တစ်ခါတရံရပ်နားပြီး အနားယူလေ့ ရှိတယ်။

ကျရှုံးသူက မကြာခဏရပ်နားပြီး တောင်တောင်မြောက်မြောက် ငေးတတ် သူဖြစ်တယ်။

(၂ဝ) အောင်မြင်သူက နေရာတစ်ခုတည်းမှာ နှစ်ကြိမ်လဲမကျဘူး။

ကျရှုံးသူက တစ်နေရာမှာ လဲကျပြီးနောက် ပြန်မထတော့ဘူး။

(၂၁) အောင်မြင်သူက လျှောက်ခဲ့တဲ့လမ်းကို ပြန်ကြည့်တတ်တယ်။

ကျရှုံးသူက လျှောက်ခဲ့တဲ့လမ်းကို ပြန်လျှောက်တတ်တယ်။


လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ။
လှည့်ပတ်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
မေတ္တာဆိုတာ ဘ၀ရဲ့ အကောင်းဆုံး မြေသြဇာပါ။ တစ်ခွန်းတည်းသော စကားပဲဖြစ်ဖြစ် အကြင်နာ မေတ္တာတွေပါရင် ညိုးနွမ်းနေတဲ့ ဘ၀ကိုတောင် ရှင်သန်စေပါတယ်။

သေးငယ်သောအမှုကိစ္စတို့တွင် ကတိသစ္စာမရှိသောသူသည်
ကြီးသောအမှုကိစ္စတို့တွင်လည်း ကတိသစ္စာရှိလိမ့်မည် မဟုတ်။

တစ်ချို့တွေက..အခက်အခဲကို အကြောင်းပြုပြီး..ဦးကျိုးတယ်....။

တစ်ချို့တွေက...စံချိန်ချိုးတယ်...။

(ဝီလျံအာသာဝဒ်)
ref;facebook



**********************************************************************************************************







လောကီကြီးပွားရေးအတွက်ပဲ ဖြစ်ဖြစ်၊ စိတ်ပိုင်းဆိုင်ရာ စင်ကြယ်မှုအတွက်ပဲ
ဖြစ်ဖြစ် ကြိုးစားနေကြသူတွေ အားလုံးအတွက် ဒီပုံပြင်နှင့် ကဗျာလေးမှ
အနှစ်သာရတစ်ခုခု မိမိအတွက် ထုတ်ယူနိုင်လျင် အကျိုးများနိုင်လိမ့်မယ်လို့ 
ယူဆမိလို့  ထပ်ဆင့်ဝေမျှပေးလိုက်ပါတယ်။
အထူးသဖြင့်တော့ မိမိက စိတ်ထားမှန်မှန်ဖြင့် ရပ်တည်လုပ်ကိုင်နေပါလျက်အကြောင်းကြောင်းကြောင့် ရှုံးနိမ့်မှုများနှင့် ရင်ဆိုင်နေကြရသူတွေ၊ ဘ၀ရဲ
့မထင်မှတ်တဲ့ အပြောင်းအလဲများကြောင့် ပိုင်ဆိုင်သမျှပြိုလဲပျက်ဆီးပြီး ဘ၀ကို အသစ်တစ်ဖန် သုညမှ ပြန်စနေရသူများအားလုံအတွက် စိတ်အားသစ်များ ဖြစ်စေဖို့  ရည်ရွယ်ပြီး မျှဝေလိုက်ပါတယ် ခင်ဗျား။

ပထမ ပုံပြင်လေးက ဆရာတော် ဦးဇောတိက ရဲ့  “စိတ်ချမ်းသာဖို့ က လိုရင်းပါ”
စာအုပ်ထဲကပါ။ မြည်းတစ်ကောင်ရဲ့ သတ္တိ တဲ့။

လယ်သမားတစ်ယောက်ရဲ့  မြည်းလေးတစ်ကောင်ဟာ အကာအရံမရှိတဲ့ လယ်ထဲက ရေတွင်းထဲ
ကျသွားတယ်။ မြည်းလေးဟာ ရေတွင်းထဲကနေ အော်အော်ပြီးတော့ သူ့ သခင်ကို
ခေါ်တယ်။ လယ်သမားကြီးဟာ ဘာလုပ်ရမလဲလို့ တွေးတယ်။ နောက်ဆုံးတော့
လယ်သမားကြီးက စဉ်းစားတယ်။ ဒီမြည်းဟာ အိုလည်းအိုနေပြီ။ ရေတွင်းကလည်း
မသုံးတာကြာတဲ့ ရေတွင်းဟောင်းကြီး။ ဖို့ ပစ်တာကောင်းတယ်။ ဒီမြည်းကို
ဆွဲတင်နေလို့ မထူးဘူး။ အဲဒီလို တွေးပြီးတော့ သူ့ သူငယ်ချင်း
လယ်သမားတွေကို သွားခေါ်လာတယ်။ တစ်ယောက်ပေါက်ပြားတစ်လက်ဆီ ယူလာကြတယ်။
မြေကြီးတွေတူးပြီး ရေတွင်းကို ဖို့ ကြတယ်။
မြည်းလေးဟာ သူ့ ကို မြေဖို့ နေပြီဆိုတာ သိတော့ ကြောက်ပြီး
အသံကုန်အော်တယ်။ နောက်မကြာခင်မှာ မြည်းအော်သံ တိတ်သွားတယ်။
တော်တော်ကြာတော့ လယ်သမားကြီးဟာ ရေတွင်းထဲ ငုံ့ ကြည့်တယ်။ သူမြင်ရတာကို
သူအံ့သြသွားတယ်။ မြေကြီးတစ်ကော်စာ ဖို့ လိုက်တိုင်း မြည်းလေးဟာ
မြေကြီးတွေကို ခါချလိုက်ပြီး  မြေကြီးပေါ်ကို တစ်လှမ်းတက်လိုက်တယ်။
လယ်သမားတွေက မြေကြီးကို ဆက်ဖို့ တိုင်း မြည်းလေးက
မြေကြီးတွေခါချလိုက်ပြီး မြေကြီးပေါ်လှမ်းတက်လိုက်တယ်။
ရေတွင်းပြည့်ခါနီးတော့ မြည်းလေးဟာ ရေတွင်းပေါ်ခုန်တက်ပြီးတော့ အားရ၀မ်းသာ
ခုန်ပေါက်ပြီးပြေးတော့တယ်။
ကိုယ့်ဘ၀အခြေအနေက ကိုယ့်ကျောပေါ်ကို မြေတွေပုံမယ်။ ဒုက္ခကနေ
လွတ်အောင်လုပ်နည်းက ခါချပြီး တစ်လှမ်းတက်ဖို့ ပဲ။ ဖို့ လိုက်တဲ့မြေကြီးဟာ
ကျောပေါ်မှာ မနေဖို့ ဘဲလိုတယ်။ ဖို့ သမျှမြေကြီးဟာ ခြေထောက်အောက်ကို
ရောက်သွားရမယ်။

**********************************************************************************

ကိုယ်တစ်ခြမ်းသေဘ၀မှ ကမ္ဘာ့အပြေးအမြန်ဆုံးဖြစ်လာသူ Wilma Rudolph




Tennessee ပြည်နယ်မှာရှိတဲ့ ဆင်းရဲတဲ့အိမ်ကလေးတစ်လုံးမှာ Wilma Rudolph ဆိုတဲ့ အမျိုးသမီး တစ်ဦး ကို မွေးဖွားခဲ့တယ် ။ အသက် ၄ နှစ်အရွယ်မှာပဲ သူမဟာ အင်ပြင်ကြောင့် အဖျားအပြင်းအထန် ရပြီး အ ဆုတ်ရောင် ရောဂါ တစ်မျိုး ခံစားခဲ့ရတယ်။ အဆုတ်ရောင်ရောဂါ နမိုးနီးယားနဲ့ အင်ပြင်ကြောင့် တစ်ကိုယ် လုံးနီမြန်းပြီး အဖျားကြီးခဲ့တဲ့ သူ့အခြေအနေဟာ တကယ့်ကို သေလုမျော
ပါးဖြစ်နေခဲ့ရတယ် ။ သိပ်မကြာခင်ပင် Wilma ဟာ ပိုလီယိုကြောင့် ဘယ်ဖက် တစ်ခြမ်းအကြောသေသွားခဲ့ရပြန်တယ် ။ သူဟာ သတ္တု အထိမ်းအချုပ်တွေ ၀တ်ဆင်ခဲ့ရပြီး ဆရာဝန်တွေကတော့ သူဟာ ဘယ်တော့ မှ မြေပြင်ပေါ်ခြေထောက်ထောက်ပြီး ရပ်နိုင်မှာမဟုတ်တော့ဘူးတဲ့ ။ ဒါပေမယ့် သူ့အမေက သူ့ကို အားပေး ခဲ့တယ် ။

“ သမီး . . ဘုရားသခင်က လူတွေကို စွမ်းအားတွေပေးတယ် ယုံကြည်မှုနဲ့ ပန်းတိုင်ကိုပေးထားတယ် သမီး ဘာကိုလိုချင်တာ လဲ လောကမှာ မဖြစ်နိုင်တဲ့အရာဆိုတာမရှိပါဘူး ” သမီးဖြစ်သူ Wilma ကပြန်ပြောတယ် ။ “ ဒီကမ္ဘာမှာ အမျိုးသမီး အပြေးပြိုင်ပွဲတိုင်း သမီးက အပြေးအမြန်ဆုံးလူသားဖြစ်ချင်ပါ
တယ် အမေ ” တဲ့ ။

အသက် ကိုးနှစ်အရွယ်မှာ ဆရာဝန်တွေရဲ့အကြံပေးစကားကိုဆန့်ကျင်ပြီး သူဟာ အထိမ်းအချုပ် သတ္တုတံတွေ ကို ဖြုတ်ပစ်ခဲ့တယ် ။ ပြီးတော့ ဆရာတွေကို ဒီအထိမ်းအချုပ်တွေ တစ်သက်လုံးမ တပ်ဆင်တော့ဘူး လို့ပြောခဲ့တယ် ။ အသက် ၁၃ နှစ်အရွယ်မှာ ပထမဆုံးအပြေးပြိုင်ပွဲ ၀င်ခဲ့တယ် သူ နောက်ဆုံးမှ ပန်းဝင်လာ ခဲ့တယ် ။ အဲဒီလို နောက်ဆုံပန်းဝင်ဖို့ကို သူ့အနေနဲ့ တစ်ရက်တိတိကြာခဲ့ရတယ် ။ အသက် ၁၅ နှစ်အရွယ် မှာ သူဟာ Tennessee ပြည်နယ် တက္ကသိုလ်ကိုသွားခဲ့ပြီး Ed Temple ဆိုတဲ့ အားကစားနည်းပြနဲ့တွေ့ ဆုံခဲ့တယ် ။ သူက နည်းပြကို “ ကျွန်မ ဒီကမ္ဘာက အပြေးပြိုင်ပွဲတွေမှာ ကမ္ဘာအပြေးအမြန်ဆုံးအမျိုးသမီးဖြစ်ချင်တယ် ” လို့ပြောခဲ့တယ် ။ Temple က သူ့ကိုတစ်ချက် စိုက်ကြည့်ပြီး “ မင်းရဲ့ယုံကြည်မှုနဲ့ ခိုင်မြဲမှုကို ဒီကမ္ဘာပေါ်မှာ မင်းအပြင် ဘယ်သူက မှ မတားဆီးနိုင်ဘူး ငါမင်းကိုကူညီပါ့မယ် ” လို့ပြောလိုက်တယ် ။

သူ အိုလံပစ် အားကစားပြိုင်ပွဲကြီးကို ရောက်ရှိလာခဲ့ပါပြီ ။ အိုလံပစ်ဆိုတာတကယ့်ကို အကောင်းတကာ့ အကောင်းဆုံးတွေချည်းယှဉ်ပြိုင်ရတဲ့ပွဲဖြစ်တယ် ။ Wilma ဟာ Jutta Heine ဆိုတဲ့ ဘယ်သူကမှ မနိုင်ဖူးသေး တဲ့ပြိုင်ဖက်တစ်ယောက်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်တယ် ။ ပထမဆုံးပြိုင်ပွဲကတော့ မီတာ ၁၀၀ အပြေးပြိုင်ပွဲဖြစ်တယ် ။ အဲဒီပွဲမှာ Wilma ဟာ Jutta Heine ကို အနိုင်ရခဲ့ပြီး ပထမဆုံးရွှေတံဆိပ်ကို ဆွတ်ခူးနိုင်ခဲ့တယ် ။ ဒုယတိယ ပြိုင်ပွဲကတော့ မီတာ ၂၀၀ ပြိုင်ပွဲဖြစ်တယ် ။ Wilma ဟာ Jutta ကို ဒုတိယကအကြိမ် အနိုင်ပြေးနိုင်ခဲ့ပြီး ဒုတိယအကြိမ်ရွှေတံဆိပ်ကို ရခဲ့ပြန်တယ် ။ တတိယပြိုင်ပွဲကတော့ မီတာ ၄၀၀လက်ဆင့်ကမ်း အပြေး ပြိုင်ပွဲဖြစ်ပါတယ် ။ အဲဒီပွဲမှာလည်း သူဟာ Jutta ကို တစ်ကြိမ်းတည်းနဲ့ အနိုင်ပိုင်းနိုင် ခဲ့တယ် ။ လက်ဆင့်ကမ်းပြိုင်ပွဲ ဆိုတာ အပြေးအမြန်ဆုံးလူက နောက်ဆုံး အခေါက်မှာ ပြေးရ တာဖြစ်ပြီး အသင်းတစ်သင်းရဲ့ အားအထားရဆုံး ကစားသမားဖြစ်တယ် ။ ပထမဆုံးလူသုံးယောက် အလှည့်ပြေး သွားခဲ့ပြီး လွယ်ကူစွာပဲ “ တုတ်တို ” လေးကို လက်ဆင့်ကမ်းနိုင်ခဲ့တယ် ။ အခု Wilma ရဲ့ အလှည့်ရောက် လာပါပြီ ။

သူဟာ တုတ်တိုကို ကိုင်လိုက်တယ် ။ ပြီးတော့ စက်ရုပ်တစ်ရုပ်လို ပြေးသွားခဲ့ပြီး Jutta ကိုတတိယအကြိမ် အနိုင်ပိုင်းပြခဲ့ တယ် ။ တတိယအကြိမ်ရွှေတံဆိပ်ကိုလည်းဆွတ်ခူးနိုင်ခဲ့တယ် ။ ဒါဟာ သမိုင်းမှာ မှတ်တမ်းဝင် ခဲ့ရပြီဖြစ်တယ် ။ ကိုယ်တစ်ပိုင်းသေဖူးတဲ့မိန်မတစ်ယောက်ဟာ ၁၉၆၀ ခုနှစ်အိုလံပစ်ပြိုင်ပွဲမှာကမ္ဘာပေါ်မှာ အပြေးအမြန် ဆုံး အမျိုးသမီးဖြစ်ခဲ့တယ် ။

ကိုးကား - Adapted from Star Ledger , November 13;1994

Wilma ဆီက ကျွန်တော်တို့သင်ယူစရာတွေအများကြီးရှိပါတယ် ။ “ အောင်မြင်တဲ့လူသားတွေဟာ ပြဿနာ ရှိခြင်းမရှိခြင်းဆိုတဲ့အစိတ်အပိုင်းကို လစ်လျှုရှုပြီး ပန်းတိုင်ကိုပဲ တစိုက်မတ်မတ်ကြည့်ကြတယ် ” လောကမှာ ကိုယ်လိုချင်တာကို တားဆီးနိုင်တဲ့သူဟာ ကိုယ်တစ်ယောက်ပဲရှိတယ် ။ကိုယ်ဖြစ်ချင်တာကို တားဆီးခွင့်ရှိတဲ့သူ ဟာလည်း ကိုယ်တစ်ယောက်ပဲဖြစ်တယ် ။ အားနည်းချက်ဆိုတာ အောင်မြင်မှုကို မှေးမှိန်စေတဲ့အရာမဟုတ်ဘူး ။ အားနည်းချက်ဆိုတာ အောင်မြင်မှုကို လှမ်းတတ်နိုင်ဖို့ အနင်းခံလှေကားတွေပဲဖြစ်တယ် ။

စိတ်ပျက်ဝမ်းနည်းမှုတွေကို အားအင်အဖြစ်ပြောင်းယူလို့ ပန်းတိုင်ကို ရောင်အောင်ပြေးရမယ် ။ လူတိုင်း မှာ ပြည့်စုံခြင်း ဆိုတာ မရှိပါဘူး ။ အားနည်းချက်ကိုယ်စီလူတိုင်းမှာ ရှိကြတယ် ။ ကိုယ့်အားနည်း ချက်ကြောင့် စိတ်ပျက်အားငယ် ၀မ်းနည်းနေမယ့်အစားကိုယ်ဖြစ်ချင်တဲ့အရာကို တစိုက်မတ်မတ် စိတ်ဓါတ်ပြင်းပြ စွာနဲ့ လုပ်ဆောင်ခြင်းကသာ လူသားတစ်ယောက်ရဲ့စွမ်းရည် Ability ဖြစ်တယ် ။ သင်ရော သင့်အားနည်းချက် ကို နင်းပြီး ပြင်းထန်တဲ့ စိတ်ဓါတ်နဲ့ ဖုံးပစ်လိုက်စမ်းပါ ။ အဲဒီအားငယ်မှု စိတ်ပျက်မှုတွေကို သင့်ခြေထောက်တွေနဲ့ နင်းတက်သွားလိုက်ပါ ။ ဟိုးအရှေ့မှာ အောင်မြင်မှုပန်းတိုင်က သင့်ကိုစောင့်ကြိုနေတယ် ။


***********************************************************************************

သတိနဲ့တွေးဆကာ ပြောကြပါစို့။။။။
တခါတုန်းက စိတ်တိုတတ်တဲ့ကောင်လေးတယောက်ရှိတယ်တဲ့။တစ်နေ့မှာသူ့အဖေကသူ့ကိုသံထုပ်
တစ်ထုပ်ပေးပြီး ´သားရေမင်းတစ်ခါစိတ်ဆိုးတိုင်း နောက်ဖေးက၀င်းထရံတိုင်မှာသံတစ်ချောင်းသွားရိုက်ချေ´ လို့ပြောသတဲ့။
ပထမနေ့မှာတင် သံ ၃၇ချောင်း ၀င်းထရံတိုင်မှာရိုက်ဖြစ်သွားသတဲ့။ အဲလိုနဲ့ သူစိတ်တို၊ဒေါသဖြစ်တိုင်း
ဝင်းထရံတိုင်မှာရိုက်ရင်း သူ့စိတ်ကိုသူထိန်းနိုင်ခဲ့တယ်။ သံရိုက်ချက်တွေကလည်း ကျဲကျဲလာတော့တယ်တဲ့လေ။
အဆုံးမှာတော့ ကောင်လေးဟာ လုံးဝကိုစိတ်မတိုတော့၊ဒေါသမထွက်တော့ဘဲ နေနိုင်တဲ့နေ့ကိုရောက်
လာပါတော့တယ်။ ပြီး သူ့ဖခင်ကိုအပြေးကလေးနဲ့ ´အဖေရေသားတော့စိတ်ကိုထိန်းနိုင်ပြီဗျ` လို့ပြောပြသတဲ့။
သူ့အဖေကနောက်တမျိုးခိုင်းပြန်ပါတယ်။ ´မင်းစိတ်ထဲဒေါသမဖြစ်အောင်ထိန်းနိုင်ပြီဆိုရင် သားရေ ရိုက်
ထားတဲ့သံလေးတွေကိုပြန်နှုတ်လိုက်ပါဦးကွာ။ တစ်နေ့တစ်ချောင်းကျပေါ့`လို့ပြောပြန်သတဲ့။
အဲလိုနဲ့ရက်တွေကြာလာတဲ့အခါ သူ့အဖေကို `အဖေရေ သားရိုက်ခဲ့တဲ့သံတွေ ကုန်အောင်နှုတ်ပြီးပါပြီ` လို့ပြောပြန်သတဲ့လေ။
ထိုအခါမှာဖခင်က သူ့သားကိုဝင်းထရံရှေ့ခေါ်သွားပြီး `တော်တယ်သား၊ ဒါပေမယ့်သေချာကြည့်လိုက်
စမ်းပါသားရေ၊ ၀င်းထရံတိုင်မှာအပေါက်တွေ ဖြစ်ကျန်ခဲ့တယ်မဟုတ်လား။ အရင်က၀င်းတိုင်ကချောချောလေး
ပါသား၊ ခုတော့အရင်လိုမချောမွေ့တော့ဘူးလေ၊ အဲလိုပါပဲ သားကစိတ်တိုတိုင်း ဒေါသဖြစ်ဖြစ်နဲ့ သူတပါးကို
ပါးစပ်နဲ့ တစ်လုံးပြောချလိုက်တိုင်း ၀င်းထရံနဲ့တူတဲ့သူတပါးမှာ အခုလိုပဲ အမာရွတ်တွေ ထင်ကျန်ရစ်တယ်။
ဒီလိုပါပဲ သူတယောက်ကို သားကဓားနဲ့ထိုးပြီး ပြန်နှုတ်လိုက်ကာတောင်းပန်သော်လည်း ဒဏ်ရာကတော့
ကျန်နေမှာပါပဲသား။ ထိုနည်းတူစွာပါပဲ နှုတ်နဲ့သူတပါးကို ထိုးနှက်တဲ့အခါမှာလည်း ဓားနဲ့ထိုးသလိုပဲ အနာတရ
ဖြစ်တတ်၊ အမာရွတ်ကျန်နေတတ်စမြဲပဲ သား ´လို့ သားကိုဆုံးမသတဲ့ကွယ်၊
ကဲကျွန်တော်တို့တွေလဲ သူငယ်ချင်းတွေပီပီ ချိုသာသော နှုတ်ခွန်းဆက်စကားနဲ့ သူတပါးကိုမထိခိုက်
အောင် ´မပြောမီ၊ ပြောနေစဉ်၊ ပြောပြီး´ အမှားပါ၏မပါ၏ သတိနဲ့တွေးဆကာ ပြောကြပါစို့။။။။

******************************************************************************************



မှန်ကြည့်သလိုပြန်ကြည့်လိုက်ကြရအောင်
တစ်ခါက ဆို ဟိုးရှေးရှေးကပေါ့နော်။
လူသူနည်းနည်းဝေးတဲ့တောအုပ်ကလေးနားမှာရှိတဲ့ ကျောင်းသင်္ခန်းလေးမှာ ရဟန်းတစ်ပါး ဟာ
တရားဓမ္မဆောက်တည်လို့ တစ်ပါးတည်း သီတင်းသုံးနေတော်မူပါသတဲ့။
တစ်နေ့တော့သည်ကျောင်းလေးနားကို ပြည့်တန်ဆာမ တစ်ယောက်ကို ကျောင်းသင်္ခန်းနဲ့ မလှမ်းမကမ်းမှာလာပြီးနေရာချထားလိုက်ပါသတဲ့။
အစက အေးအေးဆေးဆေးရှိတဲ့ တိတ်ဆိတ်အေးချမ်းသောနေရာလေးဟာ ရုတ်တရက် ဆူညံစည်ကားလို့လာပါလေရော။
အဲဒီအချိန်မှာ ရဟန်းကြီးလဲစိတ်တွေညစ်သွားတော့တာပါဘဲ။
တစ်ရက်တစ်ရက်လာလိုက်တဲ့လူတွေ များမှများဆိုဘဲ။
ဒါနဲ့ပဲ ရဟန်းကြီးမှာဒီလိုစိတ်ကူးတစ်ခုရလာပါသတဲ့။

“ဒီတကာမလေးမှာ အကုသိုလ်တွေ များလို့များမှန်းမသိတော. ဖြစ်မှန်းမသိတော.ဖြစ်နေပြီ ဒီတော့ သူ့မှာအကုသိုလ်တွေ
ဘယ်လောက်များတယ်ဆိုတာ သိအောင်ပြမှဖြစ်မယ် ”
ဒီစိတ်ကူးရတဲ့နေ့ကစလို့အဲဒီအိမ်ကို လူတစ်ယောက်ဝင်သွားရင်ရဟန်းက သူ့ကျောင်းဝင်းထရံနံဘေးမှာခဲလုံး တစ်လုံး
ချလို့ အရေအတွက် သိအောင်မှတ်သားထားလိုက်ပါတယ်။
ဒီလိုနဲ့လေးငါးခြောက်လ ကြာလာတော့ကျောင်းဝင်းထရံနံဘေးမှာ ခဲလုံးတွေအတော်လေးကိုများလာပါသတဲ့။
တစ်ရက် တိုက်ဆိုင်ချင်တော့ရဟန်းကကျောင်းရှေ့မှာထွက်လာတဲ့အခိုက်
ပြည့်တန်ဆာလုပ်တဲ့မိန်းကလေးကလည်းသူ့အိမ်အပြင်ဘက်ကိုထွက်လာတာနဲ့ဆုံပါသတဲ့။
အဲဒီမှာ ရဟန်းကြီးက မိန်းကလေးကို လှမ်းခေါ်လိုက်ပါသတဲ့။
မိန်းကလေး အနားကိုရောက်လာတော့
“ကြည့်စမ်းပါ ဒီခဲလုံးတွေက မင်းဆီကို လူတယောက်လာရင်တစ်လုံးချထားတာ။ဒီခဲလုံးများလေလေ မင်းကြောင့်ဖြစ်လာတဲ.အကုသိုလ်တွေ
ကျူးလွန်သူများလေလေ မင်းလဲအကုသိုလ်များလေလေဘဲ။သေရင်တော့ငရဲကိုတန်းနေမှာဘဲ”လို့ပြောလိုက်ပါသတဲ့။
ဒီစကားကိုကြားလိုက်ရတဲ့အခါ မိန်းကလေးခင်မျာ အတော်ကိုဝမ်းနည်းသွားသလို အတော်ကိုလည်း
ကြောက်လန့်ပြီး တော်တော်လေးကို တုန်လှုပ်သွားပါသတဲ့။
ဒါနဲ့ပဲအိမ်ပြန်ရောက်တဲ့အချိန်ကစလို့
” ဘ၀ပေး အခြေအနေမကောင်းလို့သည်လိုနိမ်.ကျတဲ့အဖြစ်ကိုရောက်နေပေမဲဒီကနေကစလို့ကောင်းမူ့ကုသိုလ်ကိုတတ်နိုင်သလောက်လုပ်မယ်”
မယ်လို့ဆုံးဖြတ်လိုက်တဲ့နေ့ကစလို့ မနက်ဆိုရင်စောစောထ ဘုရားဝတ်ပြု ဆွမ်းတော် ပန်းတော်ကပ် လို့ကောင်းမူ့တွေပြုပါတယ်။
ဧည့်သည်မလာတဲ့အချိန်တွေဆိုရင်လည်း သူတတ်သလောက်မှတ်သလောက် သိသလောက်လေးနဲ့ တရားဘာဝနာ ပွားများတာ တရားထိုင်တာ စိတ်ပုတီးစိတ်တာတွေကို နိုင်သလောက်ကလေးကြိုးစားလုပ်လို့ကောင်းအောင်နေထိုင်ပါသတဲ့။
ရဟန်းကတော့ ပြုမြဲ နေမြဲအတိုင်းခဲလုံးချတဲ့အလုပ်ကိုဘဲနေ့စဉ်မပျက် ဆောင်ရွက်လို့နေပါသတဲ့၊
ဒါနဲ့ပဲတစ်ချိန်မှာတော.့နှစ်ယောက်စလုံးလူ့လောက ကြီးကိုကျောခိုင်းကြရတဲ့အချိန်မှာတော့
နတ်ပြည်ကိုနှစ်ယောက်လုံးရောက်သွားပါသတဲ့။
ဖြစ်ချင်တော့မိန်းကလေးက ရဟန်းထက် မြင့်သော ဘုံကိုရောက်သွားတဲ့အခါ ရဟန်းက သက်ဆိုင်ရာကို မေးခွန်းထုတ်ပါသတဲ့။
တရားနဲ.မွေ့လျော်တဲ့ မြင့်မြတ်သော ရဟန်းထက် မကောင်းမူ့နဲ့အသက်မွေးတဲ့ပြည့်တန်ဆာက ဘာလို့ ပိုမြင်.တဲ့နေရာကိုရောက်ရပါသလဲပေါ့။
အဲဒီအခါမှာ ရလာတဲ့အဖြေကတော့
“အသင်ရဟန်းက မြင့်မြတ်သော ရဟန်းဘ၀ကို ရနေတာမှန်ပေမဲ့တရားဓမ္မကျင်.ကြံအားထုတ်ခြင်းမရှိဘဲ သူတစ်ပါးရဲ့အပြစ်ကိုသာ စောင့်ကြည့်နေတာနဲ့ဘဲအချိန်ကုန်နေပါတယ်။
ဟိုမိန်းကလေးကတော့
လက်ရှိဘ၀မှာနိမ့်ကျသောဘ၀ကိုရောက်ရှိနေပေမဲ့ အသိတရား ရတဲ့အချိန်ကစလို့
တရားနဲ့မွေ့လျော်ခဲ့တဲ့အတွက် နောက်ဘ၀မှာကောင်းသောရလဒ်ကို ပိုင်ဆိုင်ရတာပါ ”
ကဲ ကျွန်တော်ရော ခင်ဗျားတို့ရော ဘ၀ကို နေ့စဉ်ဖြတ်သန်းနေကြရာမှာ
ရဟန်းလိုလား ပြည့်တန်ဆာ မိန်းကလေးလိုလား ပြန်စဉ်းစားကြည့်ကြလိုက်ရအောင်နော်။
လူဆိုတာ ကိုယ့်ရဲ့အားနည်းချက် အမှား တွေကို အလွယ်တကူမ မြင်တတ် မတွေ့တတ်ပေမဲ့
အခြားသူရဲ့အားနည်းချက်ကိုတော့အလွယ်တကူမြင်တတ်တာ သဘာဝပါဘဲ။
ကျွန်တော်တို့တစ်တွေ နေ့တိုင်းနေ့တိုင်း ကိုယ်ဝလာသလား ပိန်သွားလား လှမှလှသေးရဲ့လား သပ်ရပ်ရဲ့လား
သူများ ကြည့်လို့မှ ကောင်းပါ့မလား
ခေါင်းမှာ ကြာဇံတွေများလာပြီလား လို့ လားပေါင်းများစွာနဲ့ မကြာမကြာမှန်ကြည့်လို့စစ်ဆေးမိကြပေမယ့်
ကိုယ့်ကိုယ် ကိုတော့ကောင်းလား ဆိုးလား မဆန်းစစ်မိတာတော့ကျွန်တော်အပါအ၀င်လူတိုင်းဘဲဖြစ်ပါလိမ့်မယ်။
ကဲ သည်နေ့ကစလို. မိုးမိုးသီချင်းထဲကလို “ငါမှားလား မင်းမှန်လား”လို့
ဆန်းစစ်ကြည့်ရင်း သူများအမှားကို
ထိုင်ကြည့်တတ်တဲ့အကျင်.ဆိုးလေးတွေကိုပြင်လို့ ကိုယ် ကိုယ်တိုင်ကရော
ကောင်းတာတွေကို လုပ်မိရဲ.လားလို့
မှန်ကြည့်သလို ပြန်ကြည့်လိုက်ကြရအောင်နော်။



********************************************************************************



ဘဝမှာ တချို့လူတွေက “စိန်နားကပ်” ဖြစ်လာကြတယ်၊ တချို့တွေကကျတော့ “စိန်အတု”၊ အဲ… တချို့ကကျတော့ “ပါး”တွေ ဖြစ်ကုန်ကြပါတယ်။

နေ့စဉ်လူမှုဘဝကို တစေ့တစောင်း ကြည့်မိတော့ အဲဒီ့အတိုင်းပဲ တွေ့နေရတယ်။ သည်အခါ ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစားကြည့်မိတယ်။ ကိုယ်ကရော၊ စိန်နားကပ်လား၊ စိန်တုလား၊ ပါးလားပေါ့။

နာမည်ကျော်ရင်၊ ဩဇာရှိရင်၊ ရာထူးကြီးရင်၊ တစ်ခုခုမှာ သိပ်တော်နေရင် အဲသလို လူရဲ့အနားမှာ လူတွေ ဝိုင်းနေတတ်ပါတယ်။ အဲဒါက လူကြီးတွေတင်လား ဆိုတော့ မဟုတ်ဘူး၊ ကလေးဘဝမှာကတည်းက အဲလို အမူအကျင့်လေးတွေ စတွေ့ခဲ့ရဖူးတာ။
အတန်းထဲမှာဆို စာတော်တဲ့ ကျောင်းသားတွေ ရှိသလို၊ ဘယ်သူ့သား၊ ဘယ်ဝါ့သားဆိုတာတွေလည်း ရှိတယ်။ အဲသလို ကျောင်းသားတွေနားမှာ အခြွေအရံဆိုတာ ပေါမှပေါ။ စာတော်တဲ့သူနားမှာသာ မပေါ ရှိရမယ်၊ ဘယ်သူ့သား၊ ဘယ်ဝါ့သားနားမှာတော့ ဝိုင်းဝိုင်းကို လည်လို့။ လူမှန်းသူမှန်း မသိတသိ၊ ကလေးဘဝကတည်းက “မျက်နှာကြီးဆာတယ်”ဆိုတာကို သတိထားမိခဲ့ဖူးပါတယ်။
ကျွန်တော်မှာတော့ မူလကတည်းက ရှိနေတဲ့ သိမ်ငယ်စိတ်ကြောင့် လားတော့မသိဘူး။ အဲသလို ဝိုင်းနေသူတွေကိုဆို ဝေးဝေးက ရှောင်ဖြစ်ခဲ့တယ်။ အဝိုင်းခံရသူအပေါ်မှာ မရှုဆိတ်တဲ့စိတ် မဖြစ်ခဲ့ပေမယ့် ဝိုင်းနေသူတွေကိုတော့ တစေ့တစောင်း အကဲခတ်မိခဲ့တာ ငယ်ငယ်တည်းကပဲ။
ကြီးလာလို့ လူတောသူတောထဲ ရောက်လာတော့ လူတွေရဲ့အဲဒီ့ အမူအကျင့်ကို ပိုပြီး ပြက်ပြက်ထင်ထင် မြင်လာရပါတယ်။ လူရွယ်လူလတ်တွေတောင် မဟုတ်ဘူး၊ လူအိုလူမင်းတွေမှာတောင် အဲသလို ဝိုင်းချင်တဲ့ စရိုက်လေးတွေ ရှိနေတာ မြင်ရတယ်။
အဲဒီ့မှာ ဘာသွားတွေ့သလဲဆိုတော့ “ပင်ကိုအရောင်အဝါ”ဆိုတာပါ။ ပင်ကိုအရောင်အဝါ ထွက်လာဖို့အတွက်က ပင်ကိုအစွမ်းအစနဲ့ အရည်အချင်း ရှိနေဖို့ လိုပါတယ်။ ပြောင်းပြန် ပြန်ပြောရရင် ပင်ကိုအစွမ်းအစ၊ အရည်အချင်း မရှိသူများမှာ ပင်ကိုအရောင်အဝါ မရှိပါဘူး။ သည်အခါမှာ ပင်ကို အရောင်အဝါရှိသူတို့ရဲ့ အရိပ်ကို ခိုလှုံပြီး မိမိကို လူမြင်အောင် အားထုတ်ရတော့တာပါ။
အဲသလို တစ်ယောက်ယောက်ရဲ့ အရောင်အဝါကို အားပြုလိုက်ရင်းက “သူကတော့ ကိုဘယ်သူ့ရဲ့ ညာလက်ရုံးကြီးပဲ”ဆိုတာလောက်များ ဖြစ်သွားပြီဆိုရင် အဲလိုလူတွေအတွက် ဘဝဟာ ပြီးပြည့်စုံသွားတတ်စမြဲပါ။ အမှန်တော့ သူဟာ တခြားသူရဲ့ အရိပ်ကို ခိုပြီးမှ မိမိရဲ့ဖြစ်တည်မှုလေးအတွက် အသက် ဆက်နေရတဲ့ဘဝကို ရောက်မှန်းမသိ ရောက်နေတာပါပဲ။
တချို့ကကျတော့ တော်တယ်။ သူတို့က အရောင်အဝါရှိသူရဲ့အရိပ်ကို ခိုတာတော့ မှန်တယ်။ ဒါပေမယ့် အဲဒီ့လူရဲ့အရောင်အဝါကို မီပြီး မိမိ ထွန်းလင်း တောက်ပလာဖို့အတွက် လုံးဝ အားမထုတ်ဘူး။ မိမိရဲ့ပင်ကို အရည်အချင်းအစွမ်းအစကို ချွန်မြလာအောင် အဲဒီ့လူရဲ့အရိပ်ကိုခိုရင်းက ကြိတ်ကြိုးစားတယ်၊ အားထုတ်နေတယ်၊ လုံ့လစိုက်နေတယ်။
တစ်ချိန်မှာ အဲဒီ့အရောင်အဝါရှိသူရဲ့အရိပ်အောက်က လွတ်အောင် ရုန်းထွက်လိုက်ပြီး မိမိကိုယ်ပိုင် အရည်အချင်းအစွမ်းအစနဲ့ ရပ်တည်နိုင်အောင် ဆောင်ရွက်တတ်ကြတယ်။ မိမိ ခိုလှုံခဲ့သူရဲ့အားနည်းချက်တွေ၊ အားသာချက်တွေကို အနီးကပ် လေ့လာ သင်ခန်းစာယူပြီး မိမိကိုယ်တိုင် ရပ်တည်တဲ့အခါမှာ အမှားနည်းအောင် လုပ်ယူတယ်။ အဲသလိုလူမျိုးကတော့ စိန်နားကပ်ရောင်ကြောင့် ပြောင်တဲ့ပါးမဟုတ်တာ သေချာတယ်။ သူတို့က ကိုယ့်ကိုယ်ကိုယ် စိန်နားကပ်ဖြစ်အောင် လုပ်ယူခဲ့ကြတာကပဲ။
အဲ… တချို့ကတော့ ဝိုင်းတဲ့အထဲလည်း မပါဘူး၊ မှီတဲ့အထဲလည်း မပါဘူး။ သူ့ဘာသူ ရပ်တည်နိုင်တဲ့ စိန်နားကပ်တွေ။ သည်လိုလူတွေလည်း တော်တာပါပဲ။ အဲ… တချို့ကျတော့ ဝိုင်းတဲ့အထဲလည်း မပါ၊ မှီတဲ့အထဲလည်း မပါတာတော့ မပါဘူး။ ဒါပေမယ့် ကိုယ့်ဘာသာ ရပ်တည်နိုင်အောင်လည်း အားမထုတ်ဘဲ၊ တစ်ယောက်ယောက်ရဲ့ အရောင်အဝါကို ပြောင်ပြောင်တင်းတင်း ပုံတူကူးတဲ့ စိန်နားကပ်အတုတွေ ဖြစ်လာကြတယ်။ အများသုံးစကားနဲ့ပြောရရင် “ဒုတိယဖိုးစိန်”တွေပေါ့။
စိန်တစ်လုံးဆိုတဲ့ နာမည်နဲ့ မုန့်ဟင်းခါးဆိုင်က အလုပ်ဖြစ်နေရင် ကိုယ်က တစ်လုံးစိန်ဆိုတဲ့ နာမည်မျိုးနဲ့ မုန့်ဟင်းခါးပဲ လိုက်ရောင်းတာမျိုး၊ မောင်ဘ ဆိုတဲ့သူက ဗေဒင်မှာ နာမည်ကြီးနေရင် မောင်ဘာဆိုတဲ့ မနီးရိုးစွဲ နာမည်မျိုးနဲ့ ဗေဒင်လိုက်ဟောတာမျိုးဟာလည်း ဒုတိယဖိုးစိန်အလုပ်တွေပါပဲ။ ရပြီးသားနာမည်၊ ထင်ပေါ်ပြီးသား နာမည်ကို သုံးပြီး ဆင်တူ ရိုးမှားလုပ်ရင်း ပရိသတ်ကို ပုံမှားရိုက်ဖို့ အားထုတ်တာပါပဲ။ ဒါကတော့ စိန်တုတွေပေါ့။
အဲတော့ အစမှာဆိုခဲ့သလို တချို့လူတွေက စိန်နားကပ်တွေ ဖြစ်နေကြသလို၊ တချို့က စိန်တု၊ တချို့ကကျတော့ ပါးတွေဖြစ်နေကြပါတော့တယ်။ အမှန်ကတော့ ဒါတွေ အားလုံးဟာ လူ့စရိုက်၊ လူ့သဘာဝတွေ ဖြစ်သလို၊ သူ့ဘဝနဲ့သူ၊ သူ့ကုသိုလ်နဲ့သူ၊ သူ့အကုသိုလ်နဲ့သူသာ ဖြစ်ပါတယ်။
ဒါပေမယ့် ကျွန်တော့် သားတွေ၊ သမီးတွေအပါအဝင် လူငယ်လေးတွေကိုတော့ သည်အကြောင်းလေးကို ပြောပြချင်နေမိတယ်။
ဘဝမှာ စိန်နားကပ် ဖြစ်ချင်သလား၊ စိန်တု ဖြစ်ချင်လား၊ ပါးဖြစ်ချင်သလားဆိုတာ သူတို့တွေ ရေလည်အောင် ခွဲခြမ်းစိတ်ဖြာ ရှင်းပြချင်မိပါတယ်။ တကယ်တော့ လူတိုင်းမှာ ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင်ပဲ ရွေးချယ်ခွင့်တွေ၊ ဖန်တီးခွင့်တွေ ရှိနေတာ မဟုတ်လား။
စာဖတ်သူလူကြီးမင်းကရော စိန်နားကပ်လား၊ စိန်တုလား၊ ပါးလား ဆိုတာ စာစောင်လေး ဘေးချပြီး ခဏလောက် စဉ်းစားကြည့်လိုက်ပါလား။
ကျွန်တော် နားလည်သလောက်ပြောရရင်တော့ ဘယ်သူမှ ပါးမဖြစ်ချင်ဘူး ထင်ပါတယ်။ ဒါပေမယ့် လူလုံးပြချင်တဲ့ ဇောကြောင့် အရောင်အဝါ ရှိသူတွေနား ပြေးပြေး ကပ်ရင်း ပါးဖြစ်မှန်းမသိ၊ ဖြစ်ကုန်ကြရတာလည်း လူအတော်များများပါပဲလေ။


************************************************************************************



၁။     သရော်လှောင်ပြောင်မှုများကို ခံစား၍ ကြီးပြင်းလာရသော ကလေးသူငယ်သည် သူရဲဘောနည်းသူ   သတ္တိကြောင်သူမျိုး ဖြစ်လာတတ်ပါသည်။
၂။     အမြဲတစေပြစ်တင် ဝေဖန်မှု့ကိုခံစား၍ ကြီးပြင်းလာရသော ကလေးသူငယ်သည် သူတစ်ပါးကို အပြစ်တင်တတ်သူ  ရှုံ့ ချတတ်သူ ဖြစ်လာသည်။
၃။     အရာရာမယုံ မသင်္ကာမှုများကြားတွင် ကြီးပြင်းလာရသော ကလေးသူငယ်သည် ကောက်ကျစ်စဉ်းလဲသူ ဖြစ်လာနိုင်လေသည်။
၎။     မိမိပြုသမျှဆန့်ကျင်ဘက်ပြုခြင်းကိုသာ ခံစား၍ ကြီးပြင်းလာရသော ကလေးသူငယ်သည် ရန်လိုတတ်သူ ဖြစ်လာတတ်ပေသည်။
၅။     ကြင်နာယုယမှုကို ခံယူ၍ ကြီးပြင်းလာရသော ကလေးသူငယ်သည် သူတစ်ပါးအပေါ်တွင် မေတ္တာထားတတ်သူဖြစ်လာနိုင်သည်။
၆။     အားပေးထောက်ခံမှုများဖြင့် ခံစားပြီး ကြီးပြင်းလာရသော ကလေးသူငယ်များသည် မိမိကိုယ် မိမိယုံကြည်အားကိုး စိတ်ရှိသူ ဖြစ်လာနိုင်သည်။
၇။     သမ္မာတရားဖြင့်ခြံရံ၍ ကြီးပြင်းလာရသော ကလေးသူငယ်သည် အမှန်တရားကို မြတ်နိုးဆောင်ရွက်တတ် သူဖြစ်လာနိုင်ပေသည်။
၈။     ချီးမွမ်းမှု့များကို ခံယူ၍ ကြီးပြင်းလာရသော ကလေးသူငယ်သည် အရာရာတွင်နားလည်စာနာတတ်သူ ဖြစ်လာလေ့ရှိပါသည်။
၉။     စာပေဗဟုသုတတို့ဖြင့် စာသံပေသံကြားတွင် ကြီးပြင်းလာရသော ကလေးသူငယ်သည် ဥာဏ်ပညာ အမြော်အမြင်ဖြင့် ပြည့်စုံ တတ်ပေသည်။
၁၀။    တန်းတူညီမျှ ခွဲဝေခံစားခြင်းတို့ဖြင့် ကြီးပြင်းလာရသော ကလေးသူငယ်သည် လူများအပေါ်ခွင့်လွတ် စာနာတတ်သူ ဖြစ်လာနိုင်ပါသည်။
၁၁။    ကိုယ်၊ နှုတ်၊ နှလုံးကို စောင့်ထိန်းတတ်သော ပတ်ဝန်းကျင်၌နေထိုင်ခွင့်ရလာသော ကလေးသူငယ်သည် သည်းခံစိတ်ရှည်လေ့ရှိ ပါသည်။
၁၂။    စိတ်နှလုံးပျော်ရွှင် ချမ်းမြေ့ မှု ၀န်းရံ၍ ကြီးပြင်းလာရသော ကလေးသူငယ်သည် မေတ္တာတရားနှင့် ချစ်ခင် နှစ်လိုဖွယ်ရာအလှအပ တရားကိုခံယူတတ်သူ အနုပညာဖြင့်သိမ့်မွေ့နူးညံ့သူဖြစ်လာ တတ်ပေသည်။
သင်ကော ကလေးဘ၀က ဘယ်လိုဖြတ်သန်းလာခဲ့ရတာလဲ?
  

***************************************************************************************************

No comments:

Post a Comment