Amara

Thursday, November 22, 2012

For My Sweetheart




ချစ်ရတဲ့ ကိုရေ.........
ရေမြေတွေ ခြားနေတဲ့ ကို့ကို ခိုင့်ရင်ထဲက ပွင့်ထွက်လာတဲ့ ချစ်ခြင်းတွေ သဝဏ်လွှာနဲ့ ပါးလိုက်ပါတယ်ကို။
ကို့ကို ချစ်တဲ့အကြောင်း ဖွင့်ချပြဖို့ ခိုင့်နှလုံးသားလေး ရှက်နေတယ် ကို ။ ပန်းနုရောင် လဲ့လဲ့ဖြာနေတဲ့ ပါးပြင်ပေါ် ရှိန်တိန်းတိန်း ဖြစ်နေတဲ့ ခံစားမှုတွေနဲ့ ခေါင်းလေးငုံ့လျှိုပြီး တိုးတိုးလေး ပြောမယ်နော်။
“ခိုင် ကို့ကို ချစ်တယ်”
ခိုင့် ရဲ့ နံဘေးမှာ မရှိတဲ့ ကို ကြားရဲ့လားလို့ ခိုင်မမေးတော့ပါဘူး. ခိုင်တို့တွေ အနေချင်း ဝေးပေမဲ့ နှလုံးသားချင်း နီးနေမြဲမို့ ခိုင့်ရဲ့ မြန်ဆန်လွန်းတဲ့ ရင်ခုန်သံ အချက်တိုင်း ကို့ရဲ့ နှလုံးသားလေးကို ရိုက်ခတ်နေတယ်ဆိုတာ ခံစားမှုတွေနဲ့ ခိုင် သိနေတယ်ကို။
ကိုရေ အဆင်မပြေသေးတဲ့ ဘဝမှာ ရုန်းကန်ခြင်းတွေကို ဦးစားပေး နှလုံးသားရေးကို နောက်ချန်ထားခဲ့ရပေမဲ့ ကို့အချစ်ကို ဘယ်တော့မှ လျစ်လျူမရှု ခဲ့ဘူးဆိုတာ ယုံတယ်မဟုတ်လားကို။
ကံကြမ္မာက ကျီစယ်လို့ ခိုင်တို့တွေ ရေမြေတွေခြားခဲ့ရတယ်။ ကို့ကို အချိန်တိုင်း လွမ်းနေတယ်လို့ ခိုင် မပြောပါဘူးကိုရယ်။ ခိုင့်နှလုံးသားထဲမှာ ကိန်းအောင်းနေတဲ့ ကိုက ခိုင့်ရဲ့ ရင်ခုန်သံတစ်ချက်စီတိုင်းမှာ နေရာယူနေတယ်လေ။ မပြုံးနဲ့ကို။
အခြားသူတွေ မကြားအောင် ခပ်တိုးတိုးလေး ကိုတစ်ယောက်ထဲ ကြားယုံပြောမယ်။ ကိုသေချာနားထောင်နော်။
“ကိုနဲ့ ချစ်သူဖြစ်ပြီးတဲ့ နောက်ပိုင်း ခိုင် ကျန်းမာရေး ညံ့ဖျင်းလာတယ်။ ခိုင့်ရဲ့ နှလုံးခုန်သံတွေ မမှန်တော့ဘူးကို။ ဆရာဝန်နဲ့ ဆေးစစ်တိုင်းမှာ ဆရာဝန်က ပြောတယ် ခိုင့်နှလုံးခုန်သံက မူမမှန်ဘူးတဲ့.
ပုံမှန် ဒုတ်.. ဒုတ် ..ဒုတ် ..ဆိုပြီး ကြားနေရမယ့် အသံက ခုဆို
ကို...ကို....ကို လို့ အော်နေလို့ သူနားစည်ကြီးတောင် ကွဲတော့မယ်တဲ့”
အချစ်ဆိုတာ ကွယ်ဝှက် ဖုံးကွယ်လို့မရပါဘူးကို။
ခိုင်နဲ့ကို ခွဲခွာခါနီးတုန်းက ကို့လက်လေးကိုဆုပ်ကိုင်ပြီး ခိုင်ပြောခဲ့တာ အမှတ်ရနေသေးတယ် မဟုတ်လားကို။
ခိုင်တို့ ခွဲခွာရတာ ခဏတာအတွက်ပါ။ခိုင်တို့ ကျခဲ့တဲ့ မျက်ရည်တွေကို အရင်းတည်ပြီး ရှေ့ဆက်အောင်မြင်အောင်ကြိုးစားကြမယ်။ အောင်မြင်ခြင်း လှေခါးထစ်တွေ တစ်ထစ်ခြင်း လှမ်းနိုင်စေဖို့ ခိုင်တို့ စိတ်တွေ ခဏတာ ပင်ပမ်းခြင် ပင်ပမ်းနေလိမ့်မယ်။ ခိုင်တို့ရဲ့ ဘဝတွေလဲ လှေခါးထစ်တွေ အဖြစ် ပေးဆပ်ခြင် ပေးဆပ်ရလိမ့်မယ်။
ခိုင်တို့ကျောပြင်တွေနေလောင်နေပေမဲ့ နှစ်ယောက်တစ်ဘဝ ဆိုတဲ့ စိတ်ကူးလေး တစ်ခုကို သယ်ဆောင်နေတာကြောင့် ခိုင့်တို့ရင်ထဲ အေးချမ်းနေမှာပါကို။
ကိုရေ အလုပ်ဒဏ်ကြောင့် ခိုင်တို့ လက်ဖဝါးလေးတွေ ကြမ်းတမ်းချင် ကြမ်းတမ်းနေလိမ့်မယ်..။ ကို့ကိုချစ်တဲ့ နှလုံးသားက ချိန်ခါမရွေး နူးညံ့ဆဲပါကို။
အနေဝေးပေမဲ့ ကို့ရဲ့ အချစ်ကို ခိုင်ယုံကြည်ပြီးသားပါ။တစ်ဦးနဲ့ တစ်ဦး ဆက်သွယ်ရန် ခက်ခဲနေတဲ့ အချိန်တွေမှာ ကို့ဆီက စာလွှာတွေ မလာလဲ နောက်တစ်ယောက်နှင့်များလားဆိုတဲ့ သံသယ ခိုင်ထားပြီးမတွေးဘူးကို။
သံသယဆိုတာ ချစ်သူနှစ်ဦးကို နောက်ကျောက ထိုးတဲ့ ဓားထက်ထက်တစ်ချောင်းမို့ သူခိုးဓားရိုးကမ်း ခိုင့်ရင်ဘတ်ထဲ ခိုင်ကိုယ်တိုင် ဓားနောက်ပြန်မသွင်းဘူးကို။
သစ္စာရှိတဲ့ ကို့အတွက် သစ္စာတရား လက်ကိုင်ထားတဲ့ ချစ်သူခိုင် အဖြစ် တစ်ရွက်ပြီးတစ်ရွက် ကုန်လွန်သွားတော့မည့် ပြက္ခဒိန်စာရွက်တွေကို တူတူစုတ်ကြရအောင်နော်။
ကိုရေ ဆင်စီးမြင်းရံစေချင်တဲ့ မိဘနဲ့ သားသမီးကြားမှာ မပြေလည်တာတွေရှိရင် မိဘစိတ်ချမ်းသာအောင် ခဏထားပြီး ယုံကြည်ခေါင်းငြိမ့်လာတဲ့ထိ ခိုင်တို့ တစ်ဦးလက်တစ်ဦးကိုင် တူတူရှေ့ဆက်ကြမယ်နော်။
ဝေးနေတဲ့ အချိန်တွေမှာကိုပြောခဲ့ဖူးတဲ့ စကားလုံးတိုင်းကိုလဲ အမှတ်ရနေဆဲပါ။
ဆိုပြဖူးတဲ့ ကို့အသံနဲ့ သီချင်းသံတွေကိုလဲ နားထဲ ကြားယောင်နေဆဲပါ။
အခဲခက်တွေရှိတိုင်း မျှဝေခံစားပေးတတ်တဲ့ ကို့ရဲ့ အကြင်နာတွေကို တမ်းတဆဲပါ။
အားငယ်တတ်တဲ့ ခိုင့်ကို အားပေးစကားတွေ ပြော နှစ်သိမ့်ပေးတတ်တဲ့ ကို့ရဲ့ ဂရုဏာတွေကို လွမ်းတယ်ကို။
ကို့ရဲ့ စကားသံတွေ မကြားရတဲ့ ရပ်ဝန်းမှာ ကို့ကို တမ်းတလာတဲ့ အချိန်တိုင်း စိတ်ကူးနဲ့ရူး ကို့လက်ဖျားလေးတွေကို ဖွဖွ ဆုပ်ကိုင်ဖူးတယ်ကို။
ခြေဖျားလေးထောက် ကို့ရဲ့ ပါးပြင်ကိုလဲ ဖွဖွလေး စိတ်ကူးနဲ့ ခိုးနမ်းခဲ့ဖူးတယ်။
ကို့ကို လွမ်းလို့ ကျခဲ့ဖူးတဲ့ မျက်ရည်တွေကို ခိုင့်ရဲ့ ခေါင်းအုံးလေးက အသိဆုံးပါ။ ခိုင့်မျက်ရည်တွေ သိမ်းထုတ်ထားတဲ့ ခေါင်းအုံးလေး  “လွမ်းခြင်းသက်သေ  ခိုင့်မျက်ရည် ”အဖြစ် ပြန်ဆုံတဲ့ တစ်နေ့ ကို့ကိုခိုင် လက်ဆောင်ပေးမယ်နော်။
ကိုရေ လွမ်းတဲ့ အကြောင်းတွေ ရေးနေရင် ခွဲခွာနေရတဲ့ရက်တွေ ရှည်ကြာနေတဲ့ ခိုင်တို့ နှစ်ယောက်အတွက် ကိန္နရီ ၊ကိန္နရာထက် လွမ်းချင်းတွေ ပိုရှည်နေမှာမို့ ကို့ကို လွမ်းတိုင်း အလွမ်းတွေကို အသုံးချခိုင် အလုပ်တွေ ကြိုးစားနေပါတယ်။ ကိုလဲ ခိုင်နဲ့ ထပ်တူဆိုတာ ကိုမပြောပဲ ခိုင် သိနေတယ်ခိုင်။
ဘဝတစ်ခု အောင်မြင်ဖို့ ၊ အနာဂတ် တစ်ခု လှပဖို့ အလွမ်းတွေကို ခဏသိမ်း ခိုင်တို့ ဆက်ကြိုးစားကြမယ်ကို။
လက်ခံရရှိလာတဲ့ ကံကြမ္မာ..ဘဝက ပေးလာတဲ့ တာဝန်တွေမှာ ခိုင်တို့နှစ်ဦး ကိုယ်စီ မိသားစု ဝန်ကို ထမ်းလို့ တာဝန်ထမ်းဆောင်ရင်း မိဘတွေ စိတ်ချမ်းသာအောင် ပေဆပ်ဖွင့်ရတုန်း ပေးဆပ်ကြတာပေါ့ကိုရယ်။
ဖန်တီးလာတဲ့ အခြေအနေတွေကြောင့် ကြမ္မာက ပေးတဲ့ ရာထူးနဲ့ ခိုင်တို့ ပုခုံးမှာ တာဝန်တွေက ပါလာခဲ့တာကိုး။ ဒီတာဝန်တွေ ကျေချိန်အထိ မငြီးမငြူပဲ ပြုံးပြုံးလေး ထမ်းဆောင်ကြမယ်နော်။
ကို့ကို လွမ်းတဲ့ အချိန်တိုင်းမှာ အလွမ်းတွေကို ခေတ္တသိမ်းဖို့ ခိုင် အလွမ်း ခရီးသည် လေးကို ဖန်တီးရင်ဖွင့် ငိုကြွေးရင်း ကိုနဲ့ ဆုံတွေ့ဖို့ မှန်းမျှော်နေလျှက်ပါ။
ပြန်ဆုံမဲ့ တစ်နေ့အတွက် စကားတစ်ခွန်း တိုးတိုးလေး ထပ်ပြောမယ်။
“ကို့ကို အရမ်းချစ်တယ်”
ကိုကလွှဲလို့ အခြားသူတွေ မကြားပါဘူးနော်။ ခိုင် ရှက်သွေးတွေ ဖြာနေတယ် ကို။


..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
/
/♥♥
/ \ ♥♥ ခိုင်ဇင်
 

No comments:

Post a Comment